သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လခဲ- မယ့်စလောင်းစခန်း ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်


ဘော်လခဲမြို့နယ် ခမရ (၁၁၂) ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေ သတင်းထုတ်ပြန်ချက်။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ဘော်လခဲမြို့နယ် ခမရ (၁၁၂) ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေ သတင်းထုတ်ပြန်ချက်။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

ကရင်နီပြည်နယ် ဘော်လခဲမှာ စစ်ကောင်စီအတွက် ဗျူဟာအရအရေးပါတဲ့ မယ့်စလောင်းတောင်ကုန်းစခန်းကို ဇွန်လ ၂၅ ရက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။ ဘော်လခဲနဲ့ဖရူဆို ပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိနေတဲ့ ဘော်လခဲ စခန်းသိမ်းတိုက်ပွဲ နောက်ဆုံးရအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတ​ယ်။

ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီး စစ်ကောင်စီအခြေစိုက်ထားတဲ့ မယ့်စလောင်းတောင်ကုန်းစခန်းကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေက ဇွန်လ ၂၅ ရက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာသွားကြောင်း KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မယ့်စလောင်းတောင်ကို မနေ့ကမနက်ပိုင်းမှာ ရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်ပေါ့နော်။ စစ်ကောင်စီဘက်က ဆုတ်သွားတယ်ပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီစခန်းကုန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ ကျန်တဲ့အခြေအနေအသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် ကျနော်တို့လည်း မသိရသေးပါဘူးခင်ဗျ။”

မယ့်စလောင်းတောင်ကုန်း စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဗွီအိုအေက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မယ့်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲဟာ နန်းဖဲကျေးရွာအုပ်စုနားဆိုပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်အာဏာသိမ်းပြီးကတည်းက အဲ့ဒီနေရာမှာ တိုက်ပွဲတွေရှိနေတဲ့ အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြတာ ၃ နှစ်ကြာရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“အဲ့ဒီအနီးအနား ပတ်ဝန်းကျင်တော့ ရွာတော့ မရှိဘူးပေါ့နော်၊ ရှိတဲ့ရွာလည်း အကုန်လုံး ရှောင်ပြီးသွားပြီလေနော်။ ဒီမယ့်စလောင်းတောင်ရဲ့ အောက်မှာက ကျနော်တို့ နန်းဖဲရွာဆိုတာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အခုက ဒီနန်းဖဲရွာက လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကတည်းက နှစ်နှစ်ကျော်ကတည်းက အားလုံးက စစ်ဘေးရှောင်သွားပြီးလေနော်။”

မယ့်စလောင်းတောင်ကုန်းစခန်း ခေါ် ကာကင်းစခန်းမှာ မြန်မာစစ်တပ် အခြေစိုက်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီး အခုတော့ တော်လှန်ရေးအုပ်စုတွေဘက်က သိမ်းယူနိုင်လိုက်တာဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။

ဒီစခန်းဟာ စစ်ရေးအရ အရေးပါတဲ့နေရာတခုဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“၂၀၂၃ ကလည်း တခေါက် မယ့်စလောင်းတောင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်ပေါ့နော်။ ဆိုတော့ မယ့်စလောင်းတောင်ကုန်းစခန်း ဒါ လမ်းဆုံလမ်းခွမှာရှိတာဖြစ်တယ်။ ဘော်လခဲကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးမှာရှိတဲ့အတွက် စစ်ရေးအရစစ်ကောင်စီကလက်မလွှတ်ချင်လို့ ပြန်လာထိုင်တာဖြစ်တယ်ပေါ့နော်။ အခုနောက်တခေါက် ဒါ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။”

ဇွန်လ ၁၉ ရက်နေ့ကစလို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၅ ရက်မှာတော့ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ မယ့်စလောင်းတောင်ကုန်းစခန်းဟာ ဘော်လခဲမြို့နယ် ဖရူဆိုမြို့နယ်ကြားဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမဘေးမှာ တည်ရှိနေပြီး ဘောလခဲမြို့နဲ့ဆိုရင် ၅ မိုင်ဝန်းကျင်သာ ဝေးပါတယ်။

လွိုင်ကော်မြို့နဲ့ ဖားဆောင်းမြို့ စတဲ့ နေရာအနှံ့မှာ ကရင်နီတော်လှန်ရေးအင်အားစုတွေက မြို့ကို ဝိုင်းရံပိတ်ဆို့ စစ်ဆင်ရေးတွေ ဆင်နွှဲနေပြီး မြို့ဧရိယာရဲ့ သုံးပုံ နှစ်ပုံကျော်လောက်ကို တော်လှန်ရေးအင်အားတွေဘက်က စိုးမိုးထားနိုင်တဲ့အကြောင်း ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဘက်က ဗွီအိုအေကို ပြောထားပါတယ်။

တချို့မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီဘက်က ဆက်လက် တပ်စွဲထားပေမယ့်လည်း ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်နေပြီး လေကြောင်းကိုသာ အားထားနေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG