သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ ဘောလခဲမြို့နယ်တွင်း သုံးရက်ကြာတိုက်ပွဲဖြစ်ပွား


လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)

ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိသွားပြီလို့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ပြေးရှောင် ဒေသခံတွေ ခိုလှုံနေကြတဲ့ကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲခံရလို့လည်း ထပ်ပြီးတော့ နေရာပြောင်းရွှေ့နေရလို့ အခက်အခဲဖြစ်နေအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ ကနေ ဒီနေ့ ၂၀ ရက်နေ့အထိ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာ ၃ ရက်ရှိသွားပြီး ကိုယ်တိုင် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ နန်းဖဲရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"နန်းဖဲကနေတဆင့် ပြေးပြီးပြီ။ အခု ထပ်ပြေးရတယ်။ ဒီတော်စဲခူရွာမှာလည်း လေယာဥ်လာကြဲတယ်။ ကလဲလူးရွာမှာလည်း ကြဲတယ်။ ၂၀ ရက်နေ့ ညနေပိုင်း ၂ နာရီမှာ ဗုံးကြဲခံရတယ်။ လက်နက်ပြီးတွေလည်း ကျတယ်။ တိုက်ပွဲက တောက်လျှောက် နန်းဖဲမှာဖြစ်နေတာ။ အခု အိမ်တွေလည်း ပြောင်းကုန်ပြီ။ ပထမတရက်တော့ မဲစလောင်းတောင်ခြေမှာ စစ်သားတွေဆင်းလာတော့ တိုက်ပွဲဖြစ်တယ်။ နောက်တရက်တော့ နန်းဖဲရွာအဝင်မှာ တောက်လျှောက်ပေါ့။ အဲ့နန်းဖဲအထိပေါ့။ ဒီနေ့လည်း အဲ့ဒီနေရာမှာပဲ။ မနေ့ကလည်း တနေ့ကုန်ပဲ။ ဒီနေ့လည်း ထပ်ဖြစ်တယ်။"

ဘောလခဲတိုက်ပွဲအကြောင်း ပိုပြီးသိရဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF ) နဲ့ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနားက မဲစလောင်းတောင်ကုန်း​မှာ စစ်ကောင်စီဘက်က လအတော်ကြာ တပ်စွဲအထိုင်ချထားတာပါ။ စစ်ကောင်စီအတွက် အချက်အခြာကျတဲ့နေရာတွေကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတာမို့ နှစ်ဖက် တိုက်ပွဲပြင်းထန်လာတယ်လို့ ရွာခံက ပြောပါတယ်

ဘောလခဲနဲ့ ဖရုဆိုမြို့နယ်တို့ကို ဆက်သွယ်နိုင်တဲ့လမ်းကြောင်းကို ဖြတ်တောက်ခံရမှာစိုးရိမ်တဲ့အတွက် ဒီနေရာကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ KNDF က ဗွီအိုအေကို မကြာခင်က ပြောဆိုထားပါတယ်။ မဲစလောင်းတောင်ကုန်းစခန်းမှာ တပ်မ ၆၆ က တပ်ရင်းတွေ လှုပ်ရှားနေတာပါ။

နန်းဖဲကျေးရွာတဝိုက်ဟာ မြန်မာစစ်တပ်နဲ့ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့နေရာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနဲ့ စားရေးသောက် ပြတ်လပ်မယ့်အခြေအနေဖြစ်နေတယ်လို့ အဲ့ရွာခံက ပြောပါတယ်။

"မိုးရာသီဆိုတော့လေ အဆင်မပြေဘူး။ နေရာထိုင်ခင်း အဆင်မပြေဘူး။ စားရေးသောက်ရေး အဆင်မပြေဘူး။ အခုက တောက်လျှောက် ဒီနန်းဖဲမှာ ဖြစ်နေတာဆိုတော့လေ လမ်းကြောကသွားလို့မရတော့ ဆန်တွေပြတ်တယ်။ အခုက စားဝတ်နေရေးတွေ ပြတ််တယ်။"

စစ်ရေးအခြေအနေအပေါ် မူတည်ပြီး ဘောလခဲ ကားလမ်းမ သွားလာခွင့်ပိတ်ပင်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ကုန်စည်စီးဆင်းဖို့ အခက်ကြုံနေပြီး၊ ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေသလို စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်ထဲက ဖရူဆိုမြို့နယ်ဘက်မှာလည်း အခုရက်ပိုင် တိုက်ပွဲပြန်ဖြစ်နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ဗုဒ္ဓဟူးနေ့မှာ ဗွီအိုအေကို ပြောထားပါတယ်။

"ကိုဗညား တိုက်ပွဲရက်တိုင်းဖြစ်တာက ဒီဖရူဆိုမြို့နယ်ထဲမှာ ပြန်ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒီမှာကျေးရွာအနားတခွင် ဖရူဆိုကနေ ဘောလခဲ အထွက်ဘက်မှာပေါ့၊ အမှတ် (၁၄) တပ်ရင်း လေ့ကျင့်ကျောင်းအနီးအနားပတ်ဝနကျင် တခွင်ပေါ့။"

လနဲ့ချီ အိုးအိမ်စွန့် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေက တနေ့ထက်တနေ့ များလာနေပြီး ဖျားနာ ချောင်းဆိုးနေသူတွေ၊ ကျန်းမာရေးချို့တဲ့သူတွေလည်း များလာသလို စားနပ်ရိက္ခာလိုအပ်ချက်လည်း ရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG