ဖမ်းဆီးခံ Reuters သတင်းသမားတွေအရေး AAPP ကုလကိုတိုင်ကြား

ဖမ်းဆီးခံရတဲ့ Reuters သတင်းသမားများ

ရိုက်တာသတင်းထောက် ၂ ယောက်ကိုဖမ်းဆီးတာဟာ မတရားဖမ်းဆီးဖြစ်တဲ့အတွက် မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်း ဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ (UN-WGAD) ကို တိုင်ကြားလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောလိုက်ပါတယ်။ ဒါဟာ AAPP အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်အတွင်း မတရားဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် တိုင်ကြားလိုက်တာဖြစ်ပြီး၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုသက်ဦးမောင်(ခ)ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို မြန်မာအာဏာပိုင်တွေက ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က အဲဒီလို ဖမ်းဆီးလိုက်တာဟာ မတရားဖမ်းဆီးခဲ့တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီလက်အောက်မှာရှိတဲ့ မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ (UN-WGAD) အဖွဲ့ကို တိုင်ကြားလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“အဓိကတော့ ကျနော်တို့က ဒီသတင်းသမား ၂ ဦးက မတရားသဖြင့် ဖမ်းဆီးခံရတယ်ဆိုတာ ကျနော်တို့ အဲလိုယုံကြည်လို့ တိုင်ရခြင်းဖြစ်ပါတယ်။ ဒီသတင်းထောက် ၂ ဦးဟာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ အရသော်လည်းကောင်း ICCPR လို့ခေါ်တဲ့ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် စာချုပ်အပိုဒ် ၉/ ၁၄ /၂၆ ဒါတွေကိုလည်း ဆုံးရှုံးရတယ်။ သတင်းမီဒီယာဥပဒေ ဒီပုဒ်မ ၂ (က) အရဆိုရင် လွတ်လပ်စွာ သတင်းကောက်ခံခွင့်ကို သူတို့အနေနဲ့ ဆုံးရှုံးရတယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က တင်သွင်းခဲ့တာဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီလက်အောက်မှာရှိတဲ့ UN-WGAD အဖွဲ့ဟာ သူတို့ကို တိုင်ကြားလာတဲ့ ကမ္ဘာပေါ်က မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေနေတာဖြစ်ပါတယ်။ မတရားဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး လူတဦးချင်းစီအရသော် လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း တိုင်ကြားနိုင်ပြီး UN-WGAD အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဦးတိတ်နိုင်က အခုလို ပြောပါတယ်။

“တကယ်လို့ မတရားသဖြင့် ဖမ်းဆီးခြင်းခံရတယ်လို့ သူတို့အနေနဲ့ ယုံကြည်တယ် သတ်မှတ်တယ်ဆိုရင် ဒါဟာမတရားသဖြင့် ဖမ်းဆီးခံရတယ်ဆိုတာကို သူတို့ ထုတ်ပြန်တယ်။ ဒါတင်မက ကုလသမဂ္ဂအပါအဝင် ပို့ထားတာက ဖမ်းဆီးထားတဲ့ အာဏာပိုင်တွေကိုလည်း ဒါဟာ မတရားသဖြင့် ဖမ်းဆီးခံရတဲ့အတွက်ကြောင့် ချွင်းချက် မရှိ ပြန်လည်လွှတ်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ တောင်းဆိုမှုတွေ အရေးယူဆောင်ရွက်မှုတွေကို လုပ်သင့်လုပ်ထရှိပါတယ်။”

မြန်မာအာဏာပိုင်တွေဘက်ကတော့ ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောက်ကြန့်နယ်မြေရဲစခန်းကနေ အရေးကြီးလုံခြုံရေး စာရွက်၊စာတမ်းတွေတရားမဝင်သတင်းယူမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ပြောပါတယ်။ ဒါပေမဲ့ ပြည်သူလူထု ရွေးချယ်တင်မြောက်တဲ့ NLD အစိုးရအနေနဲ့ လူထုကိုမျက်နှာမူပြီး၊ ဒီလိုမတရား ဖမ်းဆီးထိန်းသိမ်းမှုတွေကို ပြန်လည်စီစစ်သင့်တယ်လို့ ဦးတိတ်နိုင်က တိုက်တွန်းပါတယ်။

“ဆိုတော့ ဒီအစိုးရအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်နေတာကို ကျနော်တို့အနေနဲ့တော့ တွေ့ရပါတယ်။ သို့ပေမယ့်လည်း အခုလိုမျိုး မတရားဖမ်းဆီးတဲ့ ကိစ္စမျိုးကိုတော့ အစိုးရအနေနဲ့ ပြန်လည်စိစစ်သင့်တယ်။ ဒီကိစ္စတွေကို အရေးယူဆောင်ရွက်သင့်တယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ ဒီလိုတိုင်ကြားချက်ဟာဆိုရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒါပထမဦးဆုံး အကြိမ်ကျနေ်ာတို့ WGAD (Working Group
on Arbitrary Detention) ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့အနေနဲ့ အစိုးရကို ဒါမျိုး ကိစ္စတွေမှာ ပြည်သူလူထုကို အကာအကယ်ပေးဖို့နဲ့ မတရားဖမ်းဆီးတဲ့ ကိစ္စမျိုးတွေကို တားဆီးဟန့်တားနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ တိုင်ကြားရတာဖြစ်ပါတယ်။”

NLD အစိုးရသစ်လက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားဖမ်းဆီးမှု အခြေအနေတွေ အပေါ်မှာတော့ ဦးတိတ်နိုင်ငံကို အခုလိုသုံးသပ်ပါတယ်။

“၂၀၁၇ တခုလုံးမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကတော့ လွှတ်ပေးလိုက်တာတွေ ရှိသလို ပြန်လည်စိစစ်တဲ့ ကိစ္စမျိုးတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ ယေဘုယျသဘောပြောရရင်တော့ အဓိက ဒီသတင်းမီဒီယာသမားတွေကတော့ ပိုပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ခံနေရတာကို ကျနော်တို့ တွေ့ရတယ်။ နောက်တခါ အဓိက မြေယာနဲ့ ပတ်သက်တဲ့ ကိစ္စပေ့ါ တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စကလည်းအရင်နှစ်တွေထက်စာရင် ဒီနှစ်မှာလည်း ဆက်ပြီးတော့ အရင်နှစ်တွေအတိုင်း ဆက်ပြီးတော့ ရှိနေတယ်ဆိုတာကိုတော့ ကျနော်တို့ ပြုစုထားတာရှိပါတယ်။ ဥပမာ ဒီအစိုးရလက်ထက်မှာဆိုရင် ကျနော်တို့ ဒီမီဒီယာနဲ့ ပတ်သက်လို့ သတင်းမီဒီယာသမား ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။”

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နဲ့ ဥရောပသမဂ္ဂအပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေကတော့ ရိုက်တာသတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကိုသက်ဦးမောင် နဲ့ ကိုကျော်စိုးဦး တို့ဟာ အခုချိန်ထိ မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးသလို၊ သူတို့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို အခုချိန်ထိ မသိရသေးဘဲ ဖြစ်နေပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးခံ Reuters သတင်းသမားတွေအရေး AAPP ကုလကိုတိုင်ကြား