ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း အသုံးပြုခွင့် ဘင်္ဂလားဒေ့ရှ် ပိတ်ပင်

ဖုန်းအသုံးပြုနေသည့် ရိုဟင်ဂျာ အမျိုးသမီး တဦး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ တသန်းနီးပါး နေထိုင်ရာ Cox’s Bazar ရှိ ဒုက္ခသည် စခန်းတွေမှာ SIM ကဒ် တွေ အသုံးပြုခွင့် ရပ်တန့်ပြီး မိုဘိုင်းလ်ဖုန်းသုံးတဲ့ ဝန်ဆောင်လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ပေးလိုက်ပါတယ်။

တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ ဒီစခန်းတွေမှာ သူတို့ကုမ္ပဏီတွေရဲ့ အင်တာနက် လိုင်းတွေကို ပိတ်ပစ်ရာမှာ အရေးယူ ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ အစိုးရထံကို ၇ ရက် အတွင်း အစီရင်ခံရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက်သွယ်ရေး စည်းမျဉ်း ကန့်သတ်ရေးကော်မရှင်ဖြစ်တဲ့ BTRC ပြောခွင့်ရ Zakir Hossain Khan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အခုလို ဆုံးဖြတ်ရ ခြင်းဟာ နိုင်ငံရဲ့ လုံခြုံရေးကိုအခြေခံတယ်လို့လည်း သူက ပြောပါတယ်။

စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ဝန်ကြီး Mustafa Jabbar က BTRC ကော်မရှင်ကို ရိုဟင်ဂျာစခန်းတွေမှာ မိုဘိုင်းဖုန်းသုံးမှု ရပ်တန့်ဖို့ အရေးပေါ် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့အပြီး BTRC က တနင်္ဂနွေနေ့က အခုလို အရေးယူ ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

BTRC ကော်မရှင်အနေနဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်လုပ်ငန်းရှင်တွေနဲ့ တနင်္လာနေ့က အစည်းအဝေးကျင်းပခဲ့ပြီး စခန်းတွေမှာ မိုဘိုင်းဖုန်း ပုံမှန် အသုံးပြုသူတွေမည်သူမည်ဝါဖြစ်ကြောင်းနဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်လုပ်ငန်းတွေ ရောင်းချနေတဲ့သူတွေရဲ့အကူအညီနဲ့ Cox’s Bazar ရှိ Teknaf နဲ့ Ukhiya upzilla ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အတည်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ SIM ကဒ်တွေ ဝယ်ယူ ရာမှာ မှတ်ပုံတင်ထားတဲ့ သူတွေရဲ့ အမည်နဲ့လိပ်စာတွေကိုလည်း ၇ ရက်အတွင်း ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့လည်း BTRC အစည်းဝေး တက်ခဲ့တဲ့အရာရှိတဦးက သတင်းဌာနတွေကို ပြောပါတယ်။

မကြာမ ီသီတင်းပတ်တွေအတွင်း ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်းအပြီး အခုလို အစိုးရက အမိန့်ထုတ်ပြန် လိုက်ခြင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း အသုံးပြုခွင့်တွေကို ၂၀၁၇ ကတည်းက ပိတ်ပင် ခဲ့ ပေမယ့် ဒီပိတ်ပင်မှုကို တရားဝင် အပြည့်အဝ အကောင်အထည် ဖော်ခြင်း မရှိခဲ့တဲ့အတွက် မိုဘိုင်းဖုန်းတွေနဲ့ SIM ကဒ်တွေကို ဒုက္ခသည် စခန်းတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အခုလို အင်တာနက်နည်းပညာကတဆင့် ရေဒီယို အသံလွှင့်ချက်တွေကို နားဆင်နိုင်ပြီး သတင်းအချက်အလက်တွေ ကိုလည်း ဖြန့်ဝေပေးနိုင်တဲ့အပြင် မိသားစုတွေနဲ့လည်း ဆက်သွယ်မှု ရရှိစေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အရာရှိတဦးကတော့ အခုလို အမိန့် ချ မှတ်ခြင်းဟာ နှိပ်ကွပ်ပြီးသား ဒုက္ခသည်တွေကို ပိုပြီး အထီးကျန်ဖြစ်စေတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ ပြောခွင့်ရ Ikbal Hossain ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ဒုက္ခသည်တွေဟာ မိုဘိုင်းဖုန်းကိုသုံးပြီး မူးယစ်ဆေးပြား မှောင်ခိုရောင်းဝယ်မှုလို ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေကြတဲ့အတွက် ဒီလို ပိတ်ပင်လိုက်ခြင်းကြောင့် အပြုသဘောဆောင်တဲ့ ထိရောက်မှု ရှိမှာသေချာတယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း အသုံးပြုခွင့် ဘင်္ဂလားဒေ့ရှ် ပိတ်ပင်