သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ မပြန်နိုင်တဲ့အကြောင်း တာဝန်ရှိသူရှင်းလင်း


မောင်တောရှိ လက်ခံရေးစခန်း
မောင်တောရှိ လက်ခံရေးစခန်း

ရခိုင်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဒုက္ခသည်တွေကို ပြန်ခေါ်မယ့်အစီအစဉ်အတွက် ပြင်ဆင် ဆောင်ရွက်မှုတွေ၊ ဖြစ်ထွန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက်အပါအဝင် သတင်းသမား အဖွဲ့တွေ အခု ရခိုင်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲကို ရောက်ရှိနေပါတယ်။

ဒီကနေ့မှာတော့ ဒုက္ခသည်တွေကို ယာယီထားဖို့ ပြင်ဆင်ထားတဲ့ လှဖိုးခေါင်ကြားစခန်းကို ရောက်ရှိလေ့လာခဲ့ကြသလို၊ မောင်တောမြို့မှာတော့ ဒု မြိ့နယ်အုပ်ချုပ်ရေးမှုး ဦးရဲထူးက အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းသမားတွေကို ရှင်းလင်းပြောကြားမှုလုပ်ပါတယ်။ ဒီ ခရီးစဉ်မှာပါသွားတဲ့ ဗွီအိုအေသတင်းောထက် ကိုမိုးဇော်ကို - ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။

ကိုမိုးဇော်။ ။ ကျနော်တို့ ရောက်တဲ့အခါမှာ မောင်တောမြို့က ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးကနေမှ ကျနော်တို့ကို ပြန်လည်လက်ခံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပါတယ်။ တဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့တဲ့အခါ အုပ်စု ၃ ခုရှိတယ်ဆိုပြီးတော့ သူတို့သုံးသပ်တယ်။ ပထမအုပ်စုကတော့ မြန်မာနိုင်ငံကို ပြန်မလာချင်ဘူး ၊ တတိယနိုင်ငံကို သွားဖို့အတွက် ကြိုးစားနေတဲ့ သွားချင်တဲ့ အုပ်စု ဆိုပြီးတော့ ရှိတယ်လို့ သူတို့သုံးသပ်တယ်။ နောက်တစုက ARSA အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ပြီးတော့ ပြစ်မှုကျူးလွန်ထားတဲ့ သူတွေ ရှိမယ်။ အဲဒီလူတွေက ပြန်မလာလိုတဲ့ သဘောလို့ သုံးသပ်တယ်။ နောက်တစုကတော့ မြန်မာပြည်ကို ပြန်လာချင်တယ်။ အဲဒီအစုကတော့ သူတို့ဆွေမျိုးတွေလည်း မြန်မာပြည်မှာရှိတယ်။ နောက်လယ်ယာတွေ၊ ပုဇွန်ကန်တွေ စတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတယ် ၊ ရှိတဲ့အတွက် သူတို့က ပြန်လာချင်ကြတယ်။ ဒါပေမယ့် သူတို့က ပြန်လာဖို့ ကြိုးစားတဲ့အချိန်မှာ တဖက်မှာ အခြားလွှမ်းမိုးမှုတွေ ရှိတာကြောင်း ပြန်မလာနိုင်ဘူးဆိုပြီးတော့ သူတို့ပြောပါတယ်။

ကိုသားညွှန့်ဦး။ ။ ပြန်လာဖို့ဆိုပြီးတော့ ကုလအပါအဝင် နိုင်ငံတကာ တော်တော်များများက ပြောပါတယ်။ မြန်မာဘက်မှာ အဆင်သင့်မရှိသေးဘူး လုံခြုံရေးအရရော စီးပွားရေးအရရော စီမံဆောင်ရွက်ထားတဲ့အနေအထားမရှိသေးဘူးလို့ပြောပါတယ်။ အဲဒီတော့ ကြိုဆိုလက်ခံရေးအစီအစဉ်နဲ့ ပတ်သက်လို့ သူတို့ဆောင်ရွက်ထားတာနဲ့ ပတ်သက်လို့ ဘာများပြောပါသေးသလဲ။

ကိုမိုးဇော်။ ။ လှဖိုးခေါင် စခန်းမှာဆိုရင် လူ ၃ သောင်းလောက် နေထိုင်ဖို့အတွက်ကို စီစဉ်ဆောင်ရွက်ထားတယ်။ လက်တလောမှာ လူ ၃ထောင်လောက် စားဖို့အတွက် စားနပ်ရိက္ခာတွေ လုပ်ထားတယ်။ နောက်ကျန်းမာရေးကိစ္စတွေ တခြား နေရေးထိုင်ရေးကိစ္စတွေ အားလုံးအတွက်ကို သူတို့စီစဉ်ထားတယ်ဆိုပြီးတော့မှ ပြောပါတယ်။

ကိုသားညွှန့်ဦး။ ။ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လို့ရော ရခိုင်မြောက်ပိုင်းမှာက AA လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အခါကျတော့ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လို့ရော ဘယ်လိုပြင်ဆင်ဆောင်ရွက်တာရှိလဲ။ လုံခြုံရေးက စိုးရိမ်နိုင်တဲ့အနေအထားရော ရှိပါသလား။

ကိုမိုးဇော်။ ။ ကျနော်တို့ လှဖိုးခေါင်စခန်းကို ရောက်တဲ့အခါမှာတော့ အဲဒီမှာရှိတဲ့ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။ လှဖိုးခေါင်စခန်းက အာဏာပိုင်တွေကိုလည်းမေးမြန်းပါတယ်။ မေးတော့ လှဖိုးခေါင်စခန်းပတ်ပတ်လည်မှာဆိုရင် လုံခြုံရေး အဖွဲ့ဝင်တွေနေရာချထားတာ တပ်တွေနေရာချထားတာ ရှိတယ်ပေါ့ အဲဒီအလယ်မှာမှ လှဖိုးခေါင်စခန်းကိုထားတဲ့အတွက် လုံခြုံရေးအရကတော့ သူတို့ဘက်က ပြဿနာမရှိဘူးပေါ့။ ဦးရဲထူးက ဖြေကြားတာကတော့ မောင်တောခရိုင်မှာ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ဆိုပြီးတော့ ၂ ခုခွဲထားတယ်။ အဲဒီ ၂ ခုမှာ မောင်တောမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ ဘူးသီးတောင်မြို့နယ်ထဲက တချို့နယ်စပ်ဒေသတွေမှာတော့ ဘူးသီးတောင်အနီးတဝိုက်ဒေသမှာတော့ တိုက်ပွဲဖြစ်ပွားတာရှိတယ်လို့ ပြောပါတယ်။

ကိုသားညွှန့်ဦး။ ။ အခု ၂၂ သြဂုတ်လတုန်းက ဒုတိယအကြိမ်ပေါ့နော် မြန်မာအစိုးရ ကနေကြိုးပမ်းတယ် မအောင်မြင်ဘူး။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်တဲ့အနေအထားနဲ့ ပတ်သက်လို့ ဘာများပြောတာတွေ့သလဲခင်ဗျ။

ကိုမိုးဇော်။ ။ ကျနော်တို့ ဦးရဲထူးနဲ့ မေးမြန်းတဲ့အခါမှာ ဒီလိုပြန်လာဖို့ လူတွေရှိ မရှိဆိုတဲ့ မေးမြန်းတဲ့အခါ သူပြောတာကတော့ ပြန်လာဖို့ဆိုပြီး သူ့ကို ဆက်သွယ်လာတဲ့လူ ၈၀ ကျော်လောက်ရှိတယ်ဆိုပြီးမှ ပြောတယ်။ အဲဒီလူတွေက အမှန်တကယ် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားတွေ ရှိတယ်ဆိုပြီး အဲဒါမျိုးတွေကို သူတို့ ပြန်လည်လက်ခံဖို့အတွက် ပြောပါတယ်။ လောလောဆည်မှာတော့ စုစုပေါင်း ၂၆၅ ယောက်ပေါ့ အိမ်ထောင်စု ၁၃၉ ဦးပြန်ထားတာရှိတယ်ပေါ့။

ကိုသားညွှန့်ဦး။ ။ ဟုတ်ကဲ့အဲဒီတော့ သူ့အစီအစဉ်နဲ့ သူ ပြန်လာတာပဲရှိတယ် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတဲ့ နေရပ်ပြန်ရေးဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ပြန်လာတာ တယောက်မှ မရှိသေးဘူးပေါ့။

ကိုမိုးဇော်။ ။ မရှိသေးဘူးခင်ဗျ။ ပြန်လာတဲ့သူတွေကို သူတို့တွေက ဒီမှာလည်း မိသားစုတွေရှိတယ် ဆွေမျိုးသားချင်းတွေရှိတယ်။ သူတို့ရဲ့ နေအိမ်တွေလည်းရှိတယ် ဒီမှာလည်း အရင်က နေထိုင်ခဲ့ဖူးတဲ့ သူတွေဖြစ်တယ်ဆိုတော့ ကြားစခန်းပေါ့လေ ငါးခူရတို့ တောင်ပြိုလက်ဝဲတို့ စခန်းတွေမှာ စိစစ်လက်ခံလိုက်တယ်။ လက်ခံပြီးတဲ့အချိန် လှဖိုးခေါင်ကြားစခန်းမှာ ခေတ္တထားပြီးတော့ သူတို့ နေရပ်ရင်းတွေကိုလည်း ပြန်ပို့တယ်လို့ လှဖိုးခေါင်စခန်းတာဝန်ခံက ပြောပါတယ်ခင်ဗျ။

မောင်တောမြိုကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို - ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG