ရိုဟင်ဂျာကလေးတွေအတွက် အရေးပေါ်အကူအညီလိုအပ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရိုဟင်ဂျာကလေးငယ်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံ ရာသီကိုဝင်ဖို့ နီးကပ်လာနေသလို မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်အခြေအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ငြင်းပယ် ခံနေရတာကြောင့် အဲဒီကလေးတွေအတွက် အန္တရာယ်ရှိနေတယ်လို့ UNICEF ကပြောပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်က လာတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကလေးငယ် ခန့်မှန်းအရေအတွက် ၁၈၅,၀၀၀ ရှိနေသေးပြီး သူတို့ဆွေမျိုးချင်းတွေနဲ့ အိမ်နီးချင်းတွေ ထွက်ပြေးသွားရတဲ့ အကြမ်းဖက်အခြေအနေနဲ့ ဆိုးရွားမှုတွေအပေါ် ထိတ်လန့်နေကြတယ်လို့ UNICEF အစီရင်ခံ စာမှာပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ပြီးခဲ့တဲ့နှစ်နဲ့ အရင်ကထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ခန့်မှန်း ခြေ ၅၃၄,၀၀၀ ပတ်ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာရော ဘင်္ဂလားဒေ့ရှ်မှာပါ ကလေးငယ်တွေဟာ အခြေအနေဆိုးတွေထဲမှာ ပိတ်မိနေပြီး သူတို့ရဲ့ အခြေခံအခွင့်အရေး တွေ ဆုံးရှုံးနေသလို အနာဂတ်အပေါ် စိုးရိမ်နေကြတယ်လို့ အစီရင်ခံစာပြုစုရေးသားသူ UNICEF အဖွဲ့ရဲ့ ပြန်ကြားရေးဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Simon Ingram က အစီရင်ခံစာထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ ကြာသပတေးနေ့မှာ သတင်း ထောက်တွေကို ပြောပါတယ်။

“ရိုဟင်ဂျာကလေးငယ်တွေအားလုံးအတွက် လုပ်ဆောင်ပေးဖို့ ကျနော်တို့အစီရင်ခံစာက အပြင်းအထန် တောင်းဆိုထားပါတယ်။ မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ပန်ကြားချက်တွေကို သတ်သတ်မှတ်မှတ် ဖော်ပြထားပါတယ်။”

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ရိုဟင်ဂျာတွေအပေါ် ရွှေ့ပြောင်းသွားလာခွင့် ကန့်သတ်ထားတာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေမှာ ပြင်းထန်လွန်းတဲ့ ကန့်သတ်ချက်တွေ ရှိနေတာကို ရည်ညွှန်းပြီး သူတို့အခေါ်အားဖြင့် ရခိုင် ပြည်နယ်က လူ့အခွင့်အရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရကို UNICEF က တောင်းဆိုထားပါတယ်။

UNICEF အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် Edouard Beigbeder က သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြော ပါတယ်။

“ပထမထောက်ပံ့ရမှာက အသက်ရှင်သန်ရေးအတွက်ပါ။ ဒုတိယကတော့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒီကလေး တွေနဲ့ သူတို့ရဲ့မိဘတွေမှာ မျှော်လင့်ချက် ပြန်ရှင်သန်လာအောင် လုပ်ပေးဖို့ တကယ့်ကို လိုအပ်နေပါတယ်။ ဒါကြောင့်လည်း ကျောင်းအတွက်၊ ပညာရေးအတွက် ကူညီဖို့ သိပ်ကိုအရေးကြီးနေတာပါ။ ဒါက ကလေးတွေ ကျောင်းပြန်တက်ရဖို့တင်မဟုတ်ဘဲ ပုံမှန်ပတ်ဝန်းကျင်မျိုးမှာ သူတို့ ပြန်ရှင်သန်ခွင့် ရစေဖို့ပါ။”

၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းက ရခိုင်ပြည်နယ်တွင်း နေရာအများအပြားကို UNICEF နဲ့ တခြားလူသားစာနာမှုအကူအညီပေး အဖွဲ့တွေ ဝင်ထွက်ခွင့်အပေါ် အပြင်းအထန်ကန့်သတ်ထားပါတယ်။ ပြည်နယ်တွင်းက ကလေးငယ်အားလုံးအတွက် အကူအညီ တွေ ချက်ခြင်း အတားအဆီးမဲ့ ပေးခွင့်ပြုဖို့နဲ့ လူမှုအဝန်းအဝိုင်းတွင်း တင်းမာမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး လူမှုသဟဇာတဖြစ် ရေး အားပေးတဲ့ ရေရှည်လုပ်ဆောင်ချက်တွေကို ချမှတ်ဖို့ UNICEF က တောင်းဆိုပါတယ်။

ကလေးငယ်တွေကို အကာအကွယ်ပေးပါလို့လည်း Simon Ingram က တောင်းဆိုပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူမျိုးစုအားလုံးက ကလေးငယ်တွေကို အကာအကွယ်ပေးဖို့၊ ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က ပြီးခဲ့တဲ့နှစ်မှာ တင်ပြထားတဲ့ အကြံပြုချက်တွေနဲ့အညီ ပြည်နယ်တွင်းကိစ္စရပ်တွေကို ရေရှည် ပြေလည်အောင်လုပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ နှစ်နိုင်ငံစလုံးက အကူအညီပေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကို အရင်ဆုံး ကူညီထောက်ပံ့ကြဖို့နဲ့ ရခိုင်ပြည်နယ်က ကလေးငယ် အားလုံးအတွက် အရည်အသွေးမီ ပညာရေးမှာ ရင်းနှီးမြှုပ်နံှ လုပ်ဆောင်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း UNICEF က ပန်ကြားထားပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

ရိုဟင်ဂျာကလေးတွေအတွက် အရေးပေါ်အကူအညီလိုအပ်