၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်က ပြန်လက်ခံမယ့် အစီအစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။ ပထမဆုံးပြန်ပို့မယ့် အသုတ်ထဲမှာတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ကျော်လောက်ပြန်ပါလာနိုင်ခြေရှိပါတယ်။ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကတော့ သူတို့အတွက် လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးမှ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူညီချက်တွေအရ ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ မူဆလင်ဒုက္ခသည်တွေကို အခုလာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့ကစလို့ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံစီစဉ်နေကြပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့- မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ မိသားစု စာရင်းတွေကိုပြုစုထားပြီး အဲဒီထဲကမှ နေရပ်ပြန်မယ့် ဒုက္ခသည်တစ်သိန်းစာရင်းကို ပထမဆုံးအသုတ် အနေနဲ့ မြန်မာအစိုးရဘက်ကို ပေးအပ်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကပြောပါတယ်။
မြန်မာအစိုးရဘက်ကတော့ ဇန်နဝါရီနောက်ဆုံးပတ်လောက်မှာ ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံနိုင်ရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဓိကဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“နှစ်နိုင်ငံ သဘောတူစာချုပ်အရ ဆိုရင်တော့ ကျနော်တို့က ပြန်လက်ခံဖို့ဆိုရင် ဒီဖက်က ပုံစံတွေပေးတယ်၊ ဟိုဖက်က ပုံစံတွေ ပြန်ဖြည့်ပြီးတော့ စီစစ်တယ်။ စီစပ်ပြီးတော့မှ လက်ခံနိုင်ပါတယ်လို့ စာရွက်ပြန်ပို့ပြီးမှ ဒီဖက်ကို လူပို့မှာလေ။ အဲဒီတော့ ပြင်ဆင်ထားတဲ့အခြေအနေကတော့ အခုက ဇန်နဝါရီ ၂၃ လည်း မရောက်သေးဘူးလေ။ ကျနော်တို့အခု ၃ ပတ်လောက် အချိန်ရတယ်။ ဒီအတောအတွင်းမှာတော့ ဒီ ပြင်ဆင်ရေး၊ လက်ခံကြိုဆိုရေး အခန်း ၂ ခုလုံးက လက်ခံကြိုဆိုလို့ရတဲ့ အခြေအနေကို ရောက်မယ်ပေါ့နော်၊ နံပတ် ၁ ပေါ့။
နံပတ် ၂ ကတော့ အဲဒီကနေပြီးတော့ ဝင်လာလို့ရှိရင် ဒီအစားအသောက်ကိစ္စတို့၊ ကူညီထောက်ပံ့ပေးရမယ့် humanitarian assistant နဲ့ ပတ်သက်လို့ ready ဖြစ်တယ်။ နောက် တတိယအချက်ကတော့ နေရာချထားရေးပေါ့။ နေရာချထားရေးနဲ့ ပတ်သက်လို့ ရှိရင်တော့ အိမ်တွေက ပြန်လာမယ့်သူတွေအတွက်ဆိုလို့ရှိရင်တော့ ကျနော်တို့က နေရာတွေပေါ့၊ နေရာတွေဆိုတာက နဂိုတည်းကလည်း အနီးဆုံးနေရာမှာ သူတို့ကို အဲဒီမှာ ယာယီဆောက်မယ်။ ယာယီ အိမ်ဆောက်ပြီးတော့ အဲဒီမှာ နေနေပြီးတော့ ခုဏက cash for work ကျနော်တို့ ပြောသလိုပေါ့ သူတို့လည်း လုပ်အားပြန်ပေးမယ်၊ ပိုက်ဆံတွေလည်း ရမယ်၊ အိမ်လည်း ပြန်ဆောက်မယ်။ ပြီးရင် တက်နေလိုက်မယ်၊ အဲဒီပုံစံလိုမျိုးပေါ့။ အဲဒီတော့ ဒီမိုးနဲ့လေနဲ့ဆိုတော့ ဒါတော်တော်လေးတော့ ကြိုးစားပမ်းစားတော့ ဆောင်ရွက်ရမယ်။ ကျနော်တို့ဖက်ကလည်း အများကြီး အတတ်နိုင်ဆုံးကူညီမယ်။ သူတို့ဖက်ကလည်း ပူးပေါင်းပါဝင်ရမယ်။ အဲဒီ ပုံစံမျိုးပေါ့။”
ပထမဆုံးအသုတ်အဖြစ် ပြန်လာကြမယ့် ဒုက္ခသည်တွေထဲမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ပြေးသွားတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ကျော်အတွက်လည်း ပြန်လည်စိစစ်လက်ခံနိုင်ဖို့ ကိုယ်ရေးအချက်အလက်တွေဖြည့်ဖို့ ပုံစံတွေ ပေးပို့ထားပြီးဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးကဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ပထမ ဟိန္ဒူ ၄၀၀ ကျော် ပြန်ဝင်လာမယ်ဆိုတဲ့အတွက်ကြောင့် ဒီလိုမျိုး သူတို့က အဆင်သင့်ဖြစ်နေတယ်။ သူတို့ကိုတော့ ပြန်ပို့လို့ရတယ်ဆိုတော့ ပုံစံပေးထားတာ၊ ပိုပိုလိုလိုဆို ၅၀၀၊ ၆၀၀ စပေးထားတာ။ အဲဒီအတွက်ကို စာရွက်တွေ ပြန်ရောက်တော့မှ စိစစ်ပြီးတော့ ပြန်လက်ခံဖို့ လုပ်မှာလေ။”
ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haq ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအနက် ပထမအသုတ်အနေနဲ့ ဟိန္ဒူဒုက္ခသည် ၄၅၀ ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ မြန်မာဘက်က အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘာမှ မသိရှိရသေးဘူးလို့ VOA Bangla ဌာနကို မနေ့သောကြာနေ့က ပြောဆိုထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားတဲ့အခါ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝပုံမှန်ရပ်တည်ရေး အာမခံချက်ပေးဖို့ အစိုးရ တာဝန်ရှိသူတွေကို ဟိန္ဒူအဖွဲ့ချုပ်ကလည်း တောင်းဆိုထားပါတယ်။
တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေဟာ လုံခြုံမှု တည်ငြိမ်မှုနဲ့ စိုးရိမ်စရာအခြေအတွေရှိသေးတာကြောင့် ဒုက္ခသည်တွေ မြန်မာပြည်ဘက်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးနဲ့ ဒေသတွင်း ရေရှည်နေထိုင်နိုင်ရေးအပေါ်မှာ ရေရှည်မှာ ပြန်သွားနိုင်ဖို့ကိစ္စအပေါ်မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးအကြီးအကဲတွေဘက်က စိုးရိမ်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဒ်ဇက်ဘဇားမှာရှိတဲ့ Balukhali ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် ကိုအီစလန်ကတော့ ဒုက္ခသည်တွေ နေရပ်ရေးပြန်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့နဲ့ ကုလသမဂ္ဂဘက်က လုံခြုံရေးအစီအမံတွေ တာဝန်ယူပေးဖို့ တောင်းဆိုပါတယ်လို့ အခုလိုပြောပါတယ်။
“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်ဖက် သဘောတူထားတဲ့ဟာကို ကျနော်က ကြိုဆိုတယ်။ ဒါပေမယ့် ကျနော်တို့က နိုင်ငံသား အခွင့်အရေး အပြည့်အဝမရမချင်း ပြန်ဖို့စိတ်ဆိုတာ လုံးဝမရှိပါဘူးခင်ဗျ။ ကျနော်တို့ ဒုက္ခသည်အားလုံးရဲ့တောင်းဆိုချက်ဟာ အဓိက တောင်းဆိုချက်သည် ရိုဟင်ဂျာအမည်နဲ့ ကျနော်တို့ဟာ နိုင်ငံသားအသိအမှတ် ပြုပေးပါ။
နောက်ပြီးတော့ ကျနော်တို့ရဲ့ မူလနေရာကို မိမိရဲ့ဒေသ ကျေးရွာကို ပြန်လည်နေထိုင်ခွင့်၊ မိမိရဲ့ ဥစ္စာပိုင်ဆိုင်ခွင့်ကို ပြန်လည်ရရှိခွင့်နဲ့ ကျနော်တို့အတွက် ကုလသမဂ္ဂလုံခြုံရေးစောင့်တပ် တပ်ခွဲကို ကျနော်တို့က အဓိက တောင်းဆိုတာပါပဲ။ ပထမဆုံးအနေနဲ့ စစ်တွေ IDP စခန်းမှာ ဒုက္ခသည်စခန်းမှာ ၁ သိန်း ၄ သောင်း - ၅သောင်းကျော် အခုနေတဲ့လူတွေကို ပထမဆုံးအနေနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့က ယုံကြည်စိတ်ချစွာနဲ့ ကျနော်တို့ ပြန်သွားဖို့ အဆင်သင့်ပါပဲလို့ ကျနော်တို့ ဒုက္ခသည်အားလုံးရဲ့ ကိုယ်စား ကျနော် ကိုအီစလန်ရဲ့ တောင်းဆိုချက်ပါ။ ”
အခုဆိုရင်တော့ ဘင်္ဂလားနယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေရဲ့ မိသားစုဦးရေစာရင်း၊ မူရင်းနေရပ်လိပ်စာစတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ပူးပေါင်းပြီး စာရင်းတွေ ကောက်ခံနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းနေ ဒုက္ခသည်တွေကဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။