ရိုဟင်ဂျာဒုက္ခသည် ပထမအသုတ် ဌာနေပြန်မည့်အရေး ကုလစိုးရိမ်

Stephane Dujarric, ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အတွက် ရှေ့လလယ်ထဲစတင်ဖို့ သဘောတူညီမှု ရပြီလို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေက ကြေညာလိုက်ချိန်မှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မသင့်သေးဘူး လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်အနက် ပထမသုတ် ပြန်ပို့ရေးကို နိုဝင်ဘာလလယ်မှာ စတင်မှာ ဖြစ်ကြောင်း အင်္ဂါနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့ (Joint Working Group) ရဲ့ ဆွေးနွေးပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် Shahidul Haque နဲ့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူတို့ ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးု စတင်ဖို့ ကျနော်တို့လုပ်တော့မှာပါ။ လာမယ့်နိုဝင်ဘာလလယ်မှာ စတင်မှာပါ။ ဒါဟာ ပထမအသုတ်ဖြစ်ပါတယ်။”

အခုလို ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အခုလောလောဆယ်မှာ နေရပ်ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယူဆကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခုလို ပြန်ပို့ဖို့ သဘောတူညီချက်ရကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံပူးတွဲ အလုပ်အဖွဲ့ ဆုံးဖြတ်ချက်ကို သိရပါတယ်။ ဒါပေမယ့် UNHCR ဘက်ကတော့ အခုလို ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အလောသုံးဆယ် လုပ်တာ ဒါမှမဟုတ် အချိန်မတန်သေးပဲ လုပ်တာမျိုး မဖြစစေချင်သေးပါဘူး။ ဒီနေရပ်ပြန်ရေးဟာ ဒုက္ခသည်တွေ ကိုယ်တိုင်က ပြန်ဖို့ သင့်မသင့် ဆုံးဖြတ်တာမျိုး ဖြစ်သင့်ပါတယ်။ ဒီအချိန်နဲ့ ဒီ အခြေနေဆိုရင် ပြန်လို့ရပြီလို့ သူတို့ကိုယ်တိုင်ခံစားရတဲ့ အချိန်မျိုးပါ။ UNHCR အတွက်ကတော့ ရခိုင်ပြည်နယ်ထဲက အခြေနေတွေဟာ သူတို့ကို ပြန်ပို့ဖို့ အခြေနေ မဟုတ်သေးဘူးလို့ သတ်မှတ်ပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာတွေ အခုထိ ထွက်ပြေးလာတာ တွေ့နေရတဲ့အတွက် ဒါဟာလက်တွေ့ အခြေနေကို ပြနေပါတယ်။”

အခုလို ကုလသမဂ္ဂက စိုးရိမ်ပူပန်နေပေမယ့် JWG ၂ နိုင်ငံ ပူးတွဲအလုပ်အဖွဲ့ကတော့ အခုလို ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ မိမိသဘောအလျှောက် နေရပ်ပြန်ရေးအတွက် Cox’s Bazar မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ပါ တွေ့ဆုံဆွေးနွေး သွားမှာ ဖြစ်ကြောင်းနဲ့ သူတို့ကို နေရပ်ရင်းပြန်ဖို့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ၂ နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကတော့ ၂ နိုင်ငံကြား ဆွေးနွေးပွဲ ကနေ ခိုင်မာတဲ့ ရလဒ်တွေ ရခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာဆိုရင် လက်ရှိမှာ ဒေသခံတွေကြား မတူကွဲပြားသူတွေ သင့်သင့်မြတ်မြတ် ရှိနေကြတာကြောင့်နေရပ်ပြန်သူတွေအတွက် အဆင်ပြေမှာ ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူတို့တွေ နေရပ်ပြန်ရေး စတင်လုပ်ဆောင်ဖို့ ခိုင်မာတဲ့ အဖြေကို ရခဲ့ပါတယ်။ သူတို့တွေ နေရပ်ရင်းကို ပြန် လာမယ်ဆိုရင် ဌာနေမှာ အခုထိနေနေကြတဲ့ ကျန်နေတဲ့သူတွေနဲ့ ရောနှောပြီးနေသွားနိုင်တာမို့ သူတို့နေတဲ့ ရွာတွေမှာ ဘာပြဿနာမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေဟာလည်း ခုထိ အဲဒီမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်တွေ ရှိနေကြတာပါ။"

ဒါ့အပြင် သူတို့တွေ နေရပ်ပြန်ရာမှာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်ထားတာတွေ အများအပြားရှိနေကြောင်းနဲ့ အခု လက်ရှိချမှတ်ထားတဲ့ မူဝါဒက ရဲနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့ မူဝါဒကို ထောက်ခံအားပေးနေသလို သူတို့တွေ အခက်အခဲ ကြုံလာရင် တရားဥပဒေအရ အရေးယူနိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကိုလည်း နိုးကြားမှု ရှိစေဖို့ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

၂ နိုင်ငံကြား စိစစ်ပြီးသူပေါင်း ၈ ထောင်ဟာ ဘယ်မြို့ဘယ်ရွာတွေကနေ လာတယ် ဆိုတာကိုပါ သိရှိထားတဲ့ အတွက် အခုနေရပ်ပြန်သူတွေ ကို သူတို့တွေလာခဲ့တဲ့ နေရပ်ရင်း ကျေးရွာတွေက နေအိမ်တွေမှာပဲပြန်နေစေချင်တယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်ကပြောပါတယ်။

နေရပ်ပြန်သူတွေ နေထိုင်ဖို့ အိန္ဒိယအစိုးရက အိမ်ပေါင်း ၂၅၀ ဆောက်လုပ်ပေးခဲ့သလို တရုတ်အစိုးရ က အိမ်ပေါင်း တထောင်ကျော် ဆောက်လုပ်ပေးခဲ့တာပါ။

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အပြင် ကုလသမဂ္ဂအဖွဲ့ ၂ ခုဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့နဲ့လည်း မြန်မာအစိုးရက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာပါ။ ဒီ ကုလအဖွဲ့ ၂ ဖွဲ့က တာဝန်ရှိသူတွေဟာ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာ ၂၃ ရွာကို စက်တင်ဘာလမှာတကြိမ် အောက်တိုဘာလဆန်းမှာတကြိမ် သွားရောက်ဆန်းစစ် ခဲ့ကြတာဖြစ်ပြီး ရခိုင်မြောက်ပိုင်းက ဒီဒေသတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပေမယ့် တချို့လူမှု အသိုင်းဝိုင်းတွေ ကြားမှာတော့ တိုးတက်မှုတွေ ရှိတာ တွေ့လာရကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စီစစ်ထားပြီးဖြစ်တဲ့ ဒုက္ခသည် ၈၀၀၀ ကျော်ထဲက ပထမအသုတ်အနေနဲ့ ၅ ထောင်ကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံသွားမှာ ဖြစ်ကြောင်းနဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေး လွယ်ကူအဆင်ပြေစေဖို့၊ ပြန်လာရင် ဝင်ငွေရအောင် အလုပ်စီစဉ်ပေးတာနဲ့ ရောက်ရောက်ချင်း အစားအသောက် အနေအထိုင် အသွားအလာ အဆင်ပြေအောင် အားလုံး အသင့်စီစဉ်ထားတယ်လို့ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီစဉ်တွေကို ကြီးကြပ်နေသူတဦးဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA မြန်မာပိုင်းကို ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံ JWG အဖွဲ့ဝင်တွေကတော့ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို အောက်တိုဘာလ ၃၁ ရက် ဗုဒ္ဓဟူနေ့မှာ သွားရောက်မှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည် ပထမအသုတ်ဌာနေပြန်မည့်အရေး ကုလစိုးရိမ်