ရိုဟင်ဂျာအရေး ICC စုံစမ်းခွင့် ကုလလူ့အခွင့်အရေး မဟာမင်းကြီးအသစ်ကြိုဆို

ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး အသစ် Michelle Bachelet ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာမိန့်ခွန်းပြော

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့တယ်လို့ ကုလနဲ့ နိုင်ငံတကာက စွပ်စွဲထားတဲ့ ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးမှု အချက်အလက်အသစ်တွေ စုဆောင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရဲ့ တိုက်တွန်းပြောဆိုချက်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အာရှလူ့အခွင့်အရေး ရှေ့နေဘက်က ကြိုဆိုလိုက်ပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အခုလို ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းချက်အပေါ် လက်ခံ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ရှေ့နေကတိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ စတင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းစစ်ဆေး မယ့် အပေါ်ကြိုဆိုလိုက်သလို ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်သစ်တွေ ရှာဖွေထပ်မံစုဆောင်းဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ ကုလမဟာမင်းကြီး Michelle Bachelet ရဲ့ ကုလသမဂ္ဂမှာ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာ့အရေး အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ တရားမျှတမှုရှိရေးအရေးကြီးဆိုတာကို ကျမအနေနဲ့ အလေးအနက်ထားပြီးပြောကိုပြောမှဖြစ်မှာပါ။ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေကိုမောင်းထုတ်တယ်ဆိုတာနဲ့ တခြားဖြစ်နိုင်ချေရှိတဲ့ပြစ်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ICC နိုင်ငံတကာပြစ်မှုခုံရုံးက စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ကနဦးဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာကို ကျမ ကြိုဆိုပါတယ်။ ရိုဟင်ဂျာတွေဒုက္ခအကြီးအကျယ်ခံစားနေရတာတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ကင်းလွတ်ခွင့်ပေးနေတာတွေအဆုံးသတ်ရေးအတွက် ဒါဟာ သိပ်ကိုအရေးပါတဲ့ခြေလှမ်းတရပ်ပဲဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်း တရားရုံးတွေမှာ လွတ်လပ်ပြီးတရားမျှတစွာ အမြန်ဆုံး ကြားနာစီရင်နိုင်ဖို့ နိုင်ငံတကာပြစ်မှုမြောက်တဲ့အထိ ပြည်တွင်းမှာ အဆိုးရွားဆုံးကျူးလွန်ခဲ့တဲ့ဆိုတဲ့ ပြစ်မှုတွေအတွက် ပြည်တွင်းမှာအချက်အလက်တွေစုဆောင်းထိန်းသိမ်းဖို့နဲ့ ဆက်စပ်မှုရှိမရှိ၊ နောက်အထောက်အထားတွေကို ဆန်းစစ်ဖို့၊ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လွတ်လပ်တဲ့နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တာကို ကျမကြိုဆိုပါတယ်။ “

အခုလို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC ရဲ့ လူ့အခွင့်အရေးရှေ့နေဦးမင်းလွင်ဦးက အခုလိုသုံးသပ်ပါတယ်။

"ကျနော်တို့ဒီ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကနေပြီးတော့ အခုလိုမျိုး ထပ်မံတောင်းဆိုတယ်ဆိုတာကို သိရတော့ ကျနော်တို့ အရင်တုန်းက အဖွဲ့တွေကိုတော့ ပြန်ကြည့်ဖို့လိုမယ်။ ဒီလူ့အခွင့်အရေးကော်မရှင်နာအသစ်ကလည်း ခန့်မှန်းမိမယ်လို့ ကျနော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံး ရာထူးမပြောင်းလဲခင်မှာ သက်တမ်းမကုန်ခင်မှာတင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်နာမင်ကြီးရော၊ ယန်ဟီလီရော ၂ ယောက်စလုံးက ပြင်းပြင်းထန်ထန်ပြောဆိုသွားတဲ့ အသုံးအနှုန်းတွေက တော်တော်ကြီးကို စိတ်ပျက်စရာကောင်းတယ်။ ဒါကြောင့် အခု နောက်တက်လာတဲ့ ကော်မရှင်နာ အသစ်ကတော့ အချက်အလက်တွေရှာဖွေမယ်ဆိုရင် ဘက်မလိုက်ပဲ မှန်မှန်ကန်ကန်ရှာဖွေနိုင်မယ့်သူမျိုးကို စေလွှတ်မှသာ မြန်မာနိုင်ငံက လက်ခံပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးအသစ်က သူကိုယ်တိုင်လည်း စစ်အာဏာရှင်လက်အောက်မှာ နှစ်အတော်ကြာ လှုပ်ရှား ရုန်းကန်လာခဲ့သူဖြစ်တယ် နောက်ပြီးတော့ သမ္မတတာဝန်လည်း ထမ်းဆောင် ခဲ့ဖူးတဲ့သူဖြစ်တယ်။ အဲဒီတော့ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေကို သူ ခန့်မှန်းမိမယ်။ ခန့်မှန်းမိတဲ့အခါမှာ ဘက်လိုက်မှုကင်းတဲ့ အချက်အလက် စုဆောင်းတဲ့သူတွေကို ရွေးချယ်စေလွှတ်ဖို့လိုတယ်ဆိုတာကို သူကိုယ်တိုင်လည်း သိမှာပါ။ ဆိုတော့ အဲလိုမျိုး သဘောထားမှန်မှန်နဲ့ သွားမယ့်သူရှိမှသာ မြန်မာနိုင်ငံအစိုးရက ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ ကတော့ထင်တယ်။"

ပြီးခဲ့တဲ့နှစ်က ရခိုင်မှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်တွေဖွဲ့ပြီး စစ်ဆေးနေတာ လိုမျိုး စွပ်စွဲခံရသူတွေဘက်က ခုခံချေပမှုကိုလည်း ကုလဘက်က ထည့်သွင်းစဉ်းစားဖို့လိုအပ်သလို မြန်မာအစိုးရဘက်ကလည်း အခုလို ကုလသမဂ္ဂဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မယ့်အပေါ် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေဦးမင်းလွင်ဦးက တိုက်တွန်းပါတယ်။

"နောက်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လွတ်လပ်တဲ့ Independent အဖွဲ့တွေက တင်သွင်းတဲ့အစီရင်ခံစာတွေကိုတော့ လက်မခံဘူး ဆိုတာဘာသဘောလဲဆိုတာကို ကျနော်တို့စဥ်းစားရမယ်။ အဲဒီတော့ တရားမျှတရေးကို ရှာတယ်ဆိုရင် စွပ်စွဲတဲ့ဘက်ကိုလည်း လက်ခံရမယ်၊ ချေပတဲ့ဘက်က တင်သွင်းတဲ့အစီရင်ခံစာတွေကိုလည်း လက်ခံပြီးတော့ ဖတ်ဖို့လိုတယ်။ အဲဒီတော့ စွပ်စွဲခံရသူတွေဘက်က တင်သွင်းတာမျိုးကိုတော့ လက်မခံပဲနဲ့ တဖက်သက် လက်ခံနေတယ်ဆိုတာက မှန်ကန်တဲ့ ဖြေရှင်းမှုနဲ့ အလှမ်းဝေးလိမ့်မယ်လို့ ကျနော်ထင်တယ်။ လာတဲ့လူတွေကလည်း သဘောထားမှန်ကန်တယ်ဆိုရင် မြန်မာနိုင်ငံအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။"

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ မကြာခင်က ထုတ်တဲ့ အစီရင်ခံစာမှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်း ပြည်နယ်တို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ မြန်မာအစိုးရက မူဆလင်ဒုက္ခသည်တွေလို့ ခေါ်ဝေါ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့ ဒုက္ခသည်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် တာဝန်ရှိသူ တချို့ကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ကုလ အချက်အလက်ရှာ အဖွဲ့က တိုက်တွန်းထားတာပါ။

Your browser doesn’t support HTML5

ရိုဟင်ဂျာအရေး ICC စုံစမ်းခွင့် ကုလလူ့အခွင့်အရေး မဟာမင်းကြီးအသစ်ကြိုဆို