မြန်မာကို ICC တင်ဖို့ လူ့အခွင့်ရေး အဖွဲ့တွေ တောင်းဆို

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မြန်မာကို နိုင်ငံတကာ ပြစ်မှုတရားရုံး ICC ကို အမြန်ဆုံး တင်ပြဖို့ လူ့အခွင့်အရေးအဖွဲ့ ၄ ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ကြပါတယ်။

Amnesty International, Human Rights Watch, Global Center for Responsibility to Protect နဲ့ Fortify Rights စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက အင်္ဂါနေ့က ပူးပေါင်း တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို မျက်မြင်သိရဖို့နဲ့ ဒီပြဿနာကြီးကို မြန်မာနဲ့ Bangladesh နိုင်ငံတွေနဲ့ ဘယ်လိုပူးပေါင်းဖြေရှင်းမလဲဆိုတာ အဖြေရှာဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကပဲ မြန်မာနိုင်ငံကို သွားခဲ့ကြပါတယ်။

Bangladesh နိုင်ငံက Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်စခန်းကိုလည်း လုံခြုံရေးကောင်စီသံတမန်တွေ သွား လေ့လာခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်၊ မုဒိန်းကျင့်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေအတွက် ICC ကို တင်ပြသင့်တယ်လို့ Human Rights Watch ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Fortify Rights အဖွဲ့ကလည်း သူ့အဆို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းနေတယ်ဆိုတဲ့ အထောက်အထားတွေထွက်ပေါ်နေတဲ့အပေါ် ICC ကစုံစမ်းသင့်တယ်လို့ဆိုပါတယ်။ ကျူးလွန်ခဲ့တယ်ဆိုသူတွေရဲ့ နာမည်ဒါဇင်နဲ့ချီကို သူတို့အဖွဲ့အနေနဲ့ စုဆောင်းရရှိထားပြီး အားလုံးဟာ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေ ဖြစ်တယ်လို့ Fortify Rghts အဖွဲ့အကြီးအကဲ Matthew Smith ကပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာကို ICC တင်ဖို့ လူ့အခွင့်ရေး အဖွဲ့တွေ တောင်းဆို