ကန် အစီရင်ခံစာ လူ့အခွင့်ရေးအဖွဲ့တွေ ဝေဖန်

Myanmar security force in Maungtaw

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်လို့ သက်သေအထောက် အထား အချက်အလက်တွေ ပြုစုထားတဲ့ အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာနက စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အခုလို အစီရင်ခံစာ ထွက်လာတဲ့အပေါ်မှာ ကြိုဆိုပေမယ့် ပြစ်မှုကျူးလွန်မှုတွေအတွက် ဘာဆက်လုပ်သင့်သလဲဆိုတာ အစီရင်ခံစာမှာ ဖေါ်ပြမထားတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းမြှင့်တင်သင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို နိုင်ငံတကာဥပဒေ ရေးရာကျွမ်းကျင်တဲ့ နိုင်ငံခြားရေးဌာနက အဖွဲ့ဝင် (၂၀)ဦးကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သလို၊ အခြား လေ့လာစုံစမ်းမှုတွေ ပြုလုပ်ပြီး ရေးသား ပြုစုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေကို မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အခုထွက်ရှိလာတဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ အလွန်ပြင်းထန်၊ ကြီးမား၊ ကျယ်ပြန့်လှကြောင်း သက်သေအထောက်အထား အချက်အလက်တွေနဲ့ ထပ်ပြီး အတိပြုလိုက်တဲ့အတွက် ကြိုဆိုပေမယ့် ဒီကျူးလွန်မှုတွေအတွက် ဘယ်လို အပြစ်ပေးအရေးယူသင့်သလဲ ဆိုတဲ့ အကြံပြုချက် မပါဝင်တဲ့အတွက် စိတ်ပျက် နားမလည်မိကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့နားမလည်တာက ဒီအစီရင်ခံစာထဲမှာ ဘာဆက်လုပ်သင့်သလဲဆိုတာ မပါဝင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီလိုအစီရင်ခံစာမျိုးမှာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တို့ HRW နဲ့ အခြား အဖွဲ့အစည်းတွေလုပ်သလို ကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ထည့်သွင်းဖေါ်ပြလေ့ရှိပါတယ်။ အမေရိကန်က ဒီလိုထုတ်ပြန် ဖေါ်ပြလာမယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လည်း ဆိုတော့ တာဝန်ရှိသူတွေကို မဖြစ်မနေ အရေးယူအပြစ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Tillerson၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး Pompeo နဲ့ အခြား အမေရိကန် ခေါင်းဆောင်တွေက အများပြည်သူသိအောင် ထုတ်ဖေါ်ပြောဆိုထားတာကြောင့်ပါ။"

စာမျက်နှာ ၂၀ ပါတဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ တနင်္လာနေ့မှာပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်မှာလည်း လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုမှာ ဖိနှိပ်ညှမ်းပမ်းမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး၊ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို အပြည့်အ၀ ခွင့်ပြုဖို့၊ သတင်းလွတ်လပ်ခွင့် စတာတွေအတွက် မြန်မာအစိုးရအနေနဲ့ ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေဖိနှိပ်ခံရမှုမှာ တရားမျှတမှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးအရေးယူရာမှာ ICC အပြင်အခြား နည်းလမ်းအတွက် အမေရိကန်အစိုးရအနေနဲ့ ထောက်ခံဖို့ လိုတယ်လို့ HRW အနေနဲ့ မြင်ကြောင်း Brad Adams ကဆိုပါတယ်။

"ဒီကိစ္စကို လုံခြုံရေးကောင်စီအနေနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်သင့်တယ်လို့ ကျနော်တို့ ယူဆထားတာပါ။ ဒါပေမယ်လို့ လုံခြုံရေးကောင်စီမှာ မြန်မာနဲ့ ပတ်သက်တဲ့ ဘယ်ဆုံးဖြတ်ချက်မဆို တရုတ်က ဗီတိုအာဏာသုံးပယ်ချမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်တဆင့်ဖြစ်နိုင်တဲ့ အချက်ကတော့ ad hoc ယာယီ အထူးတရားရုံး လိုမျိုး ဖွဲ့စည်းပြီး စစ်ဆေးဖို့ အချက်ကို အမေရိကန်အစိုးရဘက်က ထောက်ခံစေချင်ပါတယ်။ ဒါအပြင် အမေရိကန်အစိုးရအနေနဲ့ ပြောထားတာရှိပါတယ်။ အခု ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကြာသာပတေးနေ့ မှာ ဆွေးနွေးမယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖွဲ့စည်းဖို့ဆိုတဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အမေရိကန်က တရားဝင်ထောက်ခံထားတာပါ။ ဒါပေမယ့် လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ သမ္မတ Turmp အစိုးရက နှုတ်ထွက်ထားတဲ့အတွက် နောက်လ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အလားတူ အဆိုပြုချက်ကို ဆွေးနွေးတဲ့အခါမှာ အမေရိကန်က ထောက်ခံပါလိမ့်မယ်။"

အလားတူ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖိနှိပ်ညှမ်းပမ်းမှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိသူတွေကို အရေးယူနိုင်ဖို့ အမေရိကန်အစိုးရ အနေနဲ့ မဖြစ်မနေ ပိုပြီး ဖိအားပေးသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာကို တုန့်ပြန်တဲ့အနေနဲ့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

The posters put up around New York overnight read: “Wanted for mass murder – Don’t let him get away with it”, and also include harrowing quotes from Rohingya survivors.

ဒါအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလိုရှိသည်ဆိုတဲ့ စာတမ်းပါ ဗီနိုင်းကြော်ငြာပိုစတာကြီးတွေ၊ ဓါတ်ပုံတွေကို နယူးရောက်မြို့ကုလသမဂ္ဂဌာနချုပ်ရှေ့နဲ့ လူစည်းကားရာ မြို့အနှံ တလျောက် ပြသတဲ့ လှုပ်ရှားမှုကို AI အဖွဲ့ကြီးက အင်္ဂါနေ့ တနေ့လုံး ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ AI ရဲ့ တောင်အာရှဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Omar Waraich က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ဒီလှုပ်ရှားမှုဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုမှာ လူသားထုအပေါ် ရာဇဝတ် ကျူးလွန်မှု မြောက်တဲ့အတွက် အရေးယူအပြစ်ပေးရေး ကျနော်တို့ AI က တောင်းဆိုလှုပ်ရှားနေတဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ အတင်းအဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှု၊ လူတွေကို အစုလိုက်အပြုံလိုက် အတင်းအကြပ် မောင်းထုတ်မှု စတဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်တာဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်ပါတယ်။ ဒီပြစ်မှုတွေကို တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ တပ်မတော်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ သူ့ကို ကမ္ဘာတဝှမ်းက ဘယ်သူလည်းဆိုတာ မသိကြပါဘူး။ ဒီကလူတွေအနေနဲ့ တပ်မတော် ဘာလုပ်ခဲ့သလဲဆိုတာ ကျနော်တို့ သိစေချင်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင် အလိုရှိတယ်ဆို့ ဓါတ်ပုံပိုစကာ campaign လှုပ်ရှားမှုကို နယူးရောက်မြို့မှာ ပြုလုပ်နေတာဖြစ်ပါတယ်။"

နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ကျင်းပနေပြီး အမေရိကန်သမ္မတ Donald Trump အပါအဝင် အခြား ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိနေပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာခေါင်းဆောင်တွေ စိတ်ဝင်စားနေပြီး အခုကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အလေးပေးဆွေးနွေးဖို့ရှိပါတယ်။

Your browser doesn’t support HTML5

ကန် အစီရင်ခံစာ လူ့အခွင့်ရေးအဖွဲ့တွေ ဝေဖန်