လူဦးရေတသန်းနီးပါး ခိုလှုံရာ လူနေထူထပ်များပြားလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာ ငါးနှစ်ကျော်ကြာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာလူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလို ဖြစ်နေပြီး သူတို့အတွက် အနာဂတ်မဲ့၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေကြရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံထားရလို့ သူတို့နေရပ်ရင်းကို ပြန်ဖို့ဆိုတာကလည်း အခုထိ မသေချာ မရေမရာ ဖြစ်နေဆဲပါ။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ မရေရာတဲ့ အိမ်အပြန်လမ်း မျှော်လင့်ချက်တွေက ဘာတွေပါလဲ။ ရိုဟင်ဂျာဒုက္ခသည်တချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်တွေအပေါ် ARSA အစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံတွေ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲ့ဒီထဲက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားကြတာပါ။
အဲဒီ နယ်မြေရှင်းလင်းမှုတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး ICJ မှာ လက်ရှိ တရားရင်ဆိုင်နေရတာပါ။ ၂၀၂၂ ခုနှစ် ဒီနှစ် မတ်လမှာပဲ အမေရိကန်ပြည်ထောင်စုကလည်း ရခိုင်ပြည်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကို Genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲ မေလ ၁၂ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ ရောက်လာလို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေ၊ ကာယကံရှင်တွေ တွေ့ဆုံပြီး နစ်နာခံရသူတို့ တရားမျှတမှုရရေး ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။
ဒီလို တရားမျှတမှုရရေး မျှော်လင့်နေချိန်မှာပဲ ဒီ သိန်းချီတဲ့ ရိုဟင်ဂျာတွေဟာ အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ ငါးနှစ်ကျော်လာပြီ ဖြစ်ပေမဲ့လို့ နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါလို့လည်း ရခိုင်ပြည်နယ် မောင်တောဇာတိ အခုလက်ရှိ ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပြပါတယ်။
“မေလ ၁၂ ရက်က (ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား) IIMM က ကော့ဇ်ဘဇာဒုက္ခသည်စခန်းထဲက ကုတုပလောင် ဒုက္ခသည်စခန်းကို အရင်ဆုံးရောက်တယ်။ အဲဒီမှာ ကျနော်တို့ ရိုဟင်ဂျာအဖွဲ့အစည်း ၂ ဖွဲ့၊ နောက် စခန်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံတယ်။ နောက် နေ့လယ် ၁ နာရီခွဲမှာ စခန်းအမှတ် ၁၁ ဘာလုခါလီဒုက္ခသည်စခန်း ၂ ကို ရောက်လာကြပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ် လူပေါင်း ၂၅ ယောက်၊ ကျနော်အပါအဝင်ပေါ့၊ ကျနော်တို့နဲ့ သူတို့ ၁ နာရီခွဲလောက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျ။ နေရပ်ပြန်ဖို့ကိစ္စလည်း ကျနော်တို့ဘက်က တင်ပြခဲ့ကြပါတယ်။ ဒီဒုက္ခသည်စခန်းတွေကနေ အမြန်ဆုံး ကျနော်တို့က ကျနော်တို့ရဲ့နေရပ်ရင်း ကိုယ့်ရဲ့နိုင်ငံ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတကာလုံခြုံရေး အာမခံချက်တွေနဲ့ ပြန်နိုင်ရေး လုပ်ဆောင်ပေးဖို့လည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။”
မဆုမွန် - ဟုတ်ကဲ့၊ အခုက ဒီစခန်းတွေထဲမှာ နေလာကြတာလည်း ငါးနှစ်ကျော်လာပြီပေါ့နော်။ ငါးနှစ်သာပြောရတာ၊ တကယ်တမ်းကျတော့ ဟိုးအရင်နှစ်တွေကတည်းကလည်း အဲဒီဘက်မှာ သွားပြီး ခိုလှုံနေကြရတဲ့သူတွေလည်း ရှိတော့ အခုက နေရပ်ပြန်ဖို့ကလည်း မသေချာတော့ အဲဒီအထဲမှာ နေနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှု၊ နောက်တခုက လွတ်လပ်မှုမရှိဘဲ ဒီလိုဒုက္ခသည်စခန်းတွေထဲ ဂိတ်အတားအဆီးတွေ အဆင့်ဆင့်နဲ့ နေနေကြရတဲ့ အနေအထားအပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ နေ့စဉ် စိတ်ခံစားမှု၊ နောက် ဒီလို လွတ်လပ်မှု ဆုံးရှုံးနေရတဲ့ အခြေအနေတွေက ဘယ်လောက်အထိ အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်စေသလဲဆိုတာ ပြောပြပေးပါဦး။
ဦးကျော်မြင့် - “ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ မောင်းထုတ်ခံရတာ အခုဆိုရင် ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်လောက် ရှိပါပြီ။ ဒီဒုက္ခသည်စခန်းတွေမှာ ကျနော်တို့ နေကြရတယ်ဆိုတာက အတော်လေးကို ကျပ်သိပ်ပြီး တော်တော်လေးကို ဆိုးဆိုးဝါးဝါး အခြေအနေနဲ့ ခံစားချက်အမျိုးမျိုးနဲ့ နေထိုင်စားသောက်နေကြရတာပါ။ ဒီမှာက ပညာရေး၊ ကျန်းမာရေး ဘက်စုံပေါ့ဗျာ အခက်အခဲမျိုးစုံနဲ့ တော်တော်လေးကို ကြုံတွေ့နေကြရတာပါ။ ကလေးတွေဆိုရင်လည်း ပညာရေးပိုင်းက တော်တော်လေး ဆုံးရှုံးသွားခဲ့ရတာ တွေ့ရပါတယ်။ နောက် ဒီလိုပုံစံမျိုးအတိုင်းသာ ဆက်သွားမယ်ဆိုရင် မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေး ဆုံးရှုံးသွားမှာကိုလည်း ကျနော်တို့က အထူးစိုးရိမ်ပါတယ်။ ဒီပညာရေးဆုံးရှုံးသွားမယ်ဆိုရင် ဒီလူငယ်တွေရဲ့ ဘဝကလည်း ပျက်စီးသွားမှာကိုလည်း ကျနော်တို့က စိုးရိမ်ပါတယ်။ နောက်ပြီး ဒီမှာက စီးပွားရေး အလုပ်အကိုင်ကလည်း မရှိသလောက်ပါပဲ။ နောက် စားသောက်နေထိုင်ရေး ဆိုတာကလည်း ကျနော်တို့က အင်မတန်မှ အခက်အခဲမျိုးစုံနဲ့ စားသောက်နေထိုင်ရတာပါ။”
ရိုဟင်ဂျာတို့အတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပျော်ရွှင်လွတ်လပ်မှုဆိုတာ မရှိသလောက် ရှားပါးလွန်းသလို နေထိုင်စားသောက်ရေး အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲပဲလို့ ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိပညာပေး စတဲ့ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပြပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသည်စခန်းတွင်း နေ့စဉ်ဖြတ်သန်းမှုတွေမှာ မျှော်လင့်ချက်မဲ့ပြီး လူငယ်တွေရော မိသားစုတွေပါ ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့တွေ ဘယ်လောက်အထိ အခက်အခဲနဲ့ ကြုံနေကြရတယ်၊ ဒုက္ခရောက်နေကြရတယ်ဆိုတာ ကမ္ဘာပေါ်မှာ ဥပမာပေးပြီးတောင် ပြောပြဖို့ ဥပမာမရှိဘူး။ ဒီမှာ ကျနော်တို့အတွက် ပညာရေး၊ ကျန်းမာရေး ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း၊ တခြားစီးပွားရေးကိစ္စ ဘာမှ အဆင်မပြေပါဘူး။ ပြီးတော့ အဆောက်အဦ၊ စားရေးသောက်ရေး အစစအရာရာပေါ့၊ ကျနော်တို့ လုံးဝအဆင်မပြေပါဘူး။ ဒီမှာ ကလေးငယ်တွေကလည်း တိုးပွားလာပါတယ်။ ကလေးတွေကို ပြောမယ်ဆိုရင် နေရတာကလည်း လူတွေက ထူထပ်တယ်ဆိုတော့ ကလေးတွေ ကစားဖို့ ဆော့ဖို့ဆိုတာကလည်း နေရာဆိုတာ မရှိသလောက်ပါပဲ။ ဒီမှာ ပြောမယ်ဆိုရင် ကလေးတွေအတွက်လည်း အဆင်မပြေဘူးပေါ့။ အပြင်လည်း ထွက်လို့မရဘူး။ ကျနော်တို့တွေဟာ ခြံစည်းရိုးလှောင်အိမ်ထဲမှာပဲ နေနေကြရတယ်။ ကော့ဇ်ဘဇားအထိ သွားမယ်ဆိုလည်း ဒီမှာ ခွင့်ပြုချက်လိုတယ်။ ကမ့် In Charge ဆီကလည်း ခွင့်ပြုချက်လိုပါတယ်။ ဒီမှာ လွှဲပြောင်းပေးလိုက်တဲ့ အကြောင်းပေါ့။ နောက် ဆရာဝန်လက်မှတ်၊ ပြီးတော့ ရပ်ကွက်တာဝန်ခံပေါ့နော် သူတို့ရဲ့လက်မှတ်နဲ့ ခွင့်ပြုချက်တွေ အဆင့်ဆင့်တင်ပြီးမှ အဲ့ဒီ့ခွင့်ပြုချက်နဲ့ သွားလာရတာပါ။”
အခုလက်ရှိမှာတော့ ရိုဟင်ဂျာတွေ သိန်းချီထွက်ပြေးခိုလှုံရာ ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေထဲမှာ အခုချိန်အထိ ယာယီရွက်ဖျင်တဲလေးတွေ၊ နောက် ကုလက ဆောက်လုပ်ပေးထားတဲ့ အုတ်ခံအပေါ်ယံ ကာရံထားတဲ့ တဲအိမ်လေးတွေမှာ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ စုပြုံပြွတ်သိပ် နေကြရတာ ဖြစ်ပါတယ်။ လေဝင်လေထွက် မကောင်းတဲ့အပြင် တကိုယ်ရေ ကျန်းမာရေးအတွက်ရော၊ မိုးလေပြင်းတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ပါ ကြံ့ခိုင်တဲ့အိမ်တွေ မဟုတ်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။
နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်၊ ပြင်ပကိုလည်း ထွက်ခွင့်ပိတ်ပင်ထားတဲ့ ဒီ ရိုဟင်ဂျာဒုက္ခသည်တွေ အများစုရဲ့ ထူးမခြားနားလှတဲ့ နိစ္စဓူဝ လည်ပတ်မှုတွေကြား မွန်းကျပ်မှုတွေကနေ လွတ်မြောက်အောင် ဘာဆာချာကျွန်းကို ထွက်သွားတာမျိုး၊ အလုပ်ပွဲစားတွေကနေတဆင့် ရေလမ်းကနေ တခြားနိုင်ငံတွေဆီ အလုပ်လုပ်ဖို့ ထွက်ပြေးကြတာတွေလည်း ရှိတယ်လို့ ကိုအောင်မြိုင်က အခုလိုပြောပြပါတယ်။
“ဘာဆန်ချာကျွန်းလိုဆို လူတွေမှာ ဒီမှာက အနာဂတ်လည်းမရှိဘူး။ အဲဒီခံစားချက်တွေနဲ့ဆိုတော့ ဒီမှာ မျှော်လင့်ချက်တွေကလည်း ဘာမှ မရှိဘူးဆိုတော့၊ အဲဒီကျွန်းဘက်ကို ထွက်သွားကြတာလည်း ရှိတယ်။ ပြီးတော့ တချို့တလေက ကျွန်းကိုသွားပြီးတော့ ဒီဘက်ကို ခိုးပြီး ပြန်လာတာလည်း ရှိတယ်။ အဲ့မှာ မနေချင်လို့ ခိုးပြန်လာတာပေါ့။ ပြီးတော့ တချို့တလေကျတော့လည်း ဒီမှာက လူနေမှုအဆင့်အတန်းက တော်တော်လေး နေရေးထိုင်ရေးကအစ လုံးဝမကောင်းဘူးဆိုတော့ ဒီမှာက အနာဂတ်လည်းမရှိဘူး၊ မျှော်လင့်ချက်လည်း မရှိဘူးဆိုပြီးတော့ ဒီကနေ ရေလမ်းကြောင်းနဲ့ ကူးပြီးတော့ မလေးရှားတို့ ထိုင်းတို့ဘက်ထွက်ဖို့ မြန်မာဘက်ထွက်၊ ထိုင်းကနေ မလေးကို အဲ့လိုမျိုး ရေလမ်းကြောင်းတွေကနေ သူတို့သွားတာလည်းရှိတယ်။ အဲ့လမ်းတဝက်မှာတင် သေဆုံးကြရတာလည်း ရှိတယ်။ ဒီမှာက အနာဂတ်က မရှိသလောက်ဖြစ်နေတော့ ကျနော်တို့တွေ ထွက်သွားကြမယ်ဆိုပြီး သေရင် မြေကြီးပေါ့၊ ရှင်ရင်တော့ ရွှေထီးပေါ့ ဆိုပြီး အဲ့လိုသဘောတွေနဲ့ကို ထွက်ခွာသွားကြတာလည်း ရှိပါတယ်။”
ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အိဒ်ဘာသာရေးပွဲတော် အထိမ်းအမှတ်အဖြစ်နဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ပင်လယ်ကမ်းခြေတခုစီ သူတို့သွားခဲ့ကြလို့ ရိုဟင်ဂျာရာနဲ့ချီ အဖမ်းဆီး အထိန်းသိမ်းခံခဲ့ရပါသေးတယ်။ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေထဲ ပလတ်စတစ် အမိုးအကာအောက်မှာ ရာသီဥတုကလည်း ပူပြင်း၊ တနေရာတည်းမှာပဲ တပြုံကြီးနေရတာ လူဦးရေကလည်း အရမ်းထူထပ်လွန်းတဲ့ အခါကျတော့ လူတွေမှာ သွားစရာ လာစရာမရှိ၊ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ယူခွင့်လည်း မရှိ၊ ဘာသာရေးပွဲနေ့တွေ အားလပ်ရက်ပွဲတော်ဆိုရင် မိသားစုတွေ ကလေးငယ်လေးတွေနဲ့ လူငယ်တွေက ခေတ္တခဏတာပဲဖြစ်ဖြစ် သာမန်လူတွေလို ပျော်ပျော်ပါးပါး နေချင်ကြတာပါလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေထဲ မီးဘေး၊ ရေဘေး၊ မြေပြိုကျမှုလို သဘာဝဘေးအန္တရာယ်တွေနဲ့လည်း ရိုဟင်ဂျာတွေ ရင်ဆိုင်နေကြရတာပါ။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာစခန်းထဲက ဘာသာရေး စာသင်ကျောင်းတချို့ ပိတ်လိုက်တာ၊ နောက် ဈေးဆိုင်ခန်းတချို့ အပါအဝင် အဆောက်အဦးတွေကို ဘူဒိုဇာမြေထိုးစက်တွေ သုံးပြီး ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။
အခုလို နေထိုင်ခိုလှုံရာ စခန်းတွေထဲမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပေမဲ့ ရိုဟင်ဂျာတို့ရဲ့ နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်နိုင်ရေး မျှော်လင့်ချက်ကတော့ အတော့်ကို နည်းပါးနေပါတယ်။
ရိုဟင်ဂျာအသုံးကို လက်ခံမထားတဲ့ စစ်အာဏာသိမ်းထားဆဲ မြန်မာနိုင်ငံဘက်ကတော့ ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်နေတယ်လို့ ဆိုပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံနိုင်ရေး အစီအစဉ်တွေကလည်း နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
-------------------------------
(Unicode)