ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာခုံရုံးဖွဲ့စစ်ဖို့ ကန်ဥပဒေအဖွဲ့ တောင်းဆို

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာခုံရုံးဖွဲ့စစ်ဖို့ ကန်ဥပဒေအဖွဲ့ တောင်းဆို

မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို စုံစမ်းဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကန်ထရိုက်ပေး ငှားရမ်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအဖွဲ့က အဲဒီ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို ရာဇဝတ်ခုံရုံးဖွဲ့ စစ်ဆေးဖို့ အရေးတကြီး လိုအပ် နေကြောင်း ဒုက္ခသည်တွေကို လူတွေ့ တွေ့ဆုံမေးမြန်းပြီး နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ အဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချိန်ထဲမှာဘဲ မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ဖို့ အတွက် အမေရိကန် နိုင်ငံခြားရေးဌာနဟာလည်း လွှတ်တော်အမတ်တွေရဲ့ ဖိအားပေးခြင်း ခံနေရပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အချက်အလက်တွေကို တွေ့ရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် ၁,၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီး ဝါရှင်တန် အခြေစိုက် International Law and Policy Group (PILPG) နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ အဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ပတ်သက်လို့ ဒီအဖွဲ့ကို ပူးတွဲ တည်ထောင်သူတဦးဖြစ်သူ Paul Williams က အခုလို ပြောပြပါတယ်။

“ရိုဟင်ဂျာတွေအပေါ် လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဥပဒေကြောင်းအရ သတ်မှတ်လို့ ရနိုင်တဲ့ အခြေခံအချက်တွေကို တွေ့ရှိထားပါတယ်။ ဒါကြောင့် အဲဒီပြစ်မှုတွေ ကျူးလွန်ခဲ့သူတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးနဲ့အညီ အရေးယူနိုင်အောင် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူတွေကို နိုင်ငံတကာအသိုင်းဝိုင်းက ဥပဒေနည်းလမ်းအတိုင်း ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်။”

PILPG နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ရဲ့ အစီရင်ခံစာကို ပူးတွဲ ရေးသားသူတဦးဖြစ်တဲ့ Milica Kostic ကတော့ အစီရင်ခံစာ ထွက်လာဖို့ သူတို့အနေနဲ့ ဘယ်လို ချဉ်းကပ် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။

“ကျမတို့က တအိမ်တက်ဆင်း သွားပြီးတော့ ကျမတို့ကို ရှင်တို့အကြောင်းတွေ ပြောပြလို့ရမလားဆိုပြီး ချဉ်းကပ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီလို သွားမေးရင်လည်း ထုံးစံအရ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားကဘဲ ဖြေကြတာ များပါတယ်။ ကျမတို့ကတော့ တခြားသူတွေရဲ့အသံတွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေနဲ့ သက်ကြီး ရွယ်အိုတွေရဲ့ ပြောပြချက်တွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ အင်တာဗြူးတွေတိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဖြေရလွန်းလို့ ညည်းငွေ့လာတဲ့ပုံစံမျိုး ကျမတို့ မတွေ့ခဲ့ရပါဘူး။ ကျမတို့ကို ဖြေတဲ့သူ အများစုဟာ သူတို့ကိုယ်တိုင်၊ ဒါမှမဟုတ် သူတို့ မိသားစုဝင်တွေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခုမှ ပထမဆုံးအကြိမ် ပြောဖူးကြတာပါ။”

အမေရိကန်နိုင်ငံခြားရေးဌာနက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဖြစ်လာအောင် PILPG နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့က အချက်အလက်တွေ ရှာဖွေ စုစောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကျူးလွန်မှုတွေဟာ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ခေါ်ဆို သုံးနှုန်းခဲ့ခြင်း မရှိပါဘူး။

မူလ စီစဉ်ထားတာထက် တလလောက် နောက်ကျပြီးမှ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအသိုင်းဝိုင်းကြားမှာ အငြင်းပွားစရာ ဖြစ်စေခဲ့တဲ့ အဲဒီ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာတော့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာနဲ့ တခြား ကျူးလွန်မှုတွေ လုပ်ဆောင်ဖို့ စံနစ်တကျ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကယ်လို့ အမေရိကန်အစိုးရက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်တော့ အမေရိကန်က မြန်မာအစိုးရအပေါ် ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ် အရေးယူမှုတွေ မဖြစ်မနေ ချမှတ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်မယ့်အပေါ် သမ္မတ Donald Trump အစိုးရအဖွဲ့ အတွင်းက လူတချို့အတွက် စိုးရိမ်စရာ ဖြစ်စေပါတယ်။

ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ ပြင်းထန်စွာ ရိုက်နှက်၊ ညှဉ်းပန်းတာနဲ့ အိမ်တွေကို မီးရှို့တာတွေကို ခံခဲ့ကြရကြောင်း နိုင်ငံပေါင်း ၁၁ နိုင်ငံက စုံစမ်း စစ်ဆေးရေးမှူး ၁၈ ဦး ပါဝင်တဲ့ PILPG နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အပေါ် ဖိအားပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ် သြဂုတ်လတုန်းကဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်မယ့် အဆိုပြုချက်ကို အမေရိကန် အောက်လွှတ်တော်က အလွယ်တကူ ရှေ့သီတင်းပတ်အတွင်း ချမှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီ အဆိုပြုချက်မူကြမ်းကို တင်သွင်းခဲ့တဲ့ Ohio ပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် Steve Chabot က ဝန်ကြီး Pompeo အနေနဲ့ ဒီကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်ခဲ့သူတွေကို ပိတ်ဆို့အရေးယူတာနဲ့ တခြား ပြစ်ဒဏ်တွေ ချမှတ်ဖို့အတွက်လည်း အဆိုပြုချက် မူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။

သမ္မတ Trump အစိုးရကတော့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်လိုစိတ် မရှိသေးပါဘူး။ ဒါကြောင့်လည်း အခုချိန်ထိ လူမျိုးစုအလိုက် ရှင်းလင်းသုတ်သင်မှု - Ethnic Cleansing ဆိုတဲ့ ဝေါဟာရကိုဘဲ ရွေးချယ် အသုံးပြုနေတာပါ။ သမ္မတ Trump အစိုးရက အဲဒီလို မသတ်မှတ်သေးတာကလည်း မြန်မာနိုင်ငံ တရုတ်ဘက်ကို လုံးလုံး ပါသွားမှာကို စိုးရိမ်တာအပြင် လက်ရှိ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ အောင်မြင်စေလိုတဲ့အတွက် ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

မြန်မာစစ်တပ်ကတော့ လူမျိုးစုအလိုက် ရှင်းလင်းသုတ်သင်တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကို ငြင်းဆိုထားပြီး သူတို့အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို နှိမ်နင်းခဲ့တာလို့ တုန့်ပြန် ပြောဆိုပါတယ်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို အသိအမှတ်မပြုပေမယ့် အဲဒီလူတွေ နေရပ် ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတာပါ။ ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လာရင် နေဖို့အတွက် ဆောက်ထားတဲ့ အိမ်တွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းဝိုင်းက တာဝန်ရှိသူတွေကို လိုက်လံ ပြသတာတွေလည်း မြန်မာအစိုးရဘက်က လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဒုက္ခသည်တွေ ပြန်လာပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုနေသလို ဒုက္ခသည်တွေကိုယ်တိုင်ကလည်း စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်တာ အပြင် သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုတဲ့အတွက် မပြန်လိုကြသေးဘူးလို့ ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူးတွေကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ပြောဆိုထားပြီး ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက အခု ဒီဇင်ဘာလအတွင်း ချမှတ်ဖို့ ရှိနေပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာခုံရုံးဖွဲ့စစ်ဖို့ ကန်ဥပဒေအဖွဲ့ တောင်းဆို