ရုရှားထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို စစ်ဆေးဖို့ လုံလောက်တဲ့အချက်အလက် မရခဲ့ကြောင်း WHO ပြော

ရုရှားကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို Moscow မှာ စမ်းသပ်နေပုံ

(Zawgyi/Unicode)

ရုရှားနိုင်ငံက တရားဝင် ကြေညာတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးအတွက် ဆန်းစစ်အတည်ပြုပေးဖို့ အချက်အလက် လုံလုံလောက်လောက် မရခဲ့ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အမေရိက နိုင်ငံများဆိုင်ရာဒေသတွင်းဌာနခွဲ နဲ့ PAHO - Pan American ကျန်းမာရေးဌာန လက်ထောက်ဒါရိုက်တာ Jarbas Barbosa က အင်္ဂါနေ့မှာ ပြောပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ဆေးအတွက် စိတ်ချစွာအသုံးပြုနိုင်မှုနဲ့ ထိရောက်မှုကို အာမခံပေးနိုင်တဲ့ အဆင့် ၂ နဲ့ ၃ စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် ဘယ်ကာကွယ်ဆေးကို မဆို စိတ်ချလက်ချသုံးဖို့ အာမခံပေးနိုင်တဲ့ ကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင် ရမှာဖြစ်သလို WHO ရဲ့ အတည်ပြုချက်လည်း ရဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ရုရှားအစိုးရက သူ့ရဲ့ Gamaleya သုတေသနဌာနကနေ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲ ထုတ်လုပ်ခဲ့ကြောင်း ကြေညာခဲ့တာပါ။ သမ္မတ Vladimir Putin ကလည်း ရုရုှားဟာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ကမ္ဘာမှာ ပထမဆုံးအတည်ပြု ထုတ်လုပ်နိုင်ခဲ့ကြောင်းနဲ့ သူ့ရဲ့ သမီးတယောက်ကိုပါ ဒီကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ အင်္ဂါနေ့မှာပဲ ပြောပါတယ်။

အခုလို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး လျှင်လျင်မြန်မြန် ထွက်လာတာဟာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ရုရှားသုတေသနပညာရှင်တွေ အမြန်ပြီးအောင် လုပ်ငန်းစဉ်တွေကို ချုံ့ပစ်တာ ကြောင့် ဖြစ်နိုင်တဲ့အတွက် စိုးရိမ်ရကြောင်း အနောက်နိုင်ငံတွေက သုတေသန ပညာရှင်တွေက ပြောကြပါတယ်။

WHO ကတော့ ဘယ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးမဆို သုံးစွဲဖို့အတွက် စိတ်ချရမှု ရှိမရှိ အချက်အလက်တွေ သေသေချာချာ ပြန်လည်သုံးသပ်ပြီးမှ WHO က အတည်ပြုပေးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဂျနီဗာ WHO ရုံးချုပ် ပြောခွင့်ရ Tarik Jasarevic ကတော့ WHO ဟာ ရုရှား ကျန်းမာရေး အာဏာပိုင်တွေနဲ့ ဆက်သွယ်နေကြောင်းနဲ့ ဒီကာကွယ်ဆေး WHO သတ်မှတ်ချက် မှီမမှီ ကိစ္စအတွက်လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

ရုရှားထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို စစ်ဆေးဖို့ လုံလောက်တဲ့အချက်အလက် မရခဲ့ကြောင်း WHO ပြော


...................


(Unicode)





