ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေး ရုရှား-ပြင်သစ် သဘောတူညီမှု ရရှိ

  • ဗွီအိုအေမြန်မာဌာန

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက မော်စကိုမြို့မှာ တွေ့ဆုံခဲ့တဲ့ ပြင်သစ်သမ္မတ Emmanuel Macron (ဝဲ) နဲ့ ရုရှားသမ္မတ Vladimir Putin. (ဖေဖော်ဝါရီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တနင်္ဂနွေနေ့မှာ သဘောတူညီမှု ရခဲ့တယ်လို့ ပြင်သစ်သမ္မတနန်းတော်က ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ၁၀၅ မိနစ်ကြာ တယ်လီဖုန်း ဆက်သွယ်ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာအတွက် သံတမန်ရေး နည်းလမ်းနဲ့ပဲ အဖြေရှာဖို့ လိုအပ်ကြောင်း ပြင်သစ်သမ္မတနန်းတော်က သတင်းထုတ်ပြန်တာပါ။ ဒါ့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ဟာလည်း မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားသတင်းဌာနတွေကလည်း တနင်္လာနေ့မှာ ဝန်ကြီး ၂ ဦး ဆွေးနွေးဖို့ရှိကြောင်း ဖော်ပြကြပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်တွေကြား အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးက လုပ်ဆောင်လာဖို့ ယူကရိန်း၊ ရုရှားနဲ့ OSCE တို့ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ ဖြစ်လာရေးကို အပြင်းအထန် လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတ ၂ ဦးစလုံးက ပြောကြားခဲ့ပြီး လာမယ့် ရက်ပိုင်းတွေအတွင်း သံတမန်ရေးနည်းလမ်းကို နက်နက်ရှိုင်းရှိုင်းပြုလုပ်ဖို့ ရှိကြောင်း ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

ဒါ့အပြင် ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီတို့ကြား ရထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ၂၀၁၄ Minsk သဘောတူညီချက်ကို ပြန်လည်အကောင်ထည်ဖော်သင့်ကြောင်း ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြောင်းလည်း ပြောပါတယ်။ ဥရောပဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ရလာစေဖို့ ရည်ရွယ်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေ ဖြစ်လာအောင် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး သမ္မတ Macron ဟာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ပါ ဆွေးနွေးတိုင်ပင်နေတယ်လို့လည်း ပြောပါတယ်။

အခု တနင်္ဂနွေနေ့ ဆက်သွယ်ပြောကြားရာမှာ သမ္မတ Putin က သူဟာ ဘယ်လာရုစ်က ရုရှားတပ်တွေကို စစ်ရေးလေ့ကျင့်မှု ပြီးတာနဲ့ ပြန်ရုပ်သိမ်းဖို့ရှိကြောင်း သမ္မတ Macron ကို ပြောကြားခဲ့တယ်လို့လည်း ပြင်သစ်သမ္မတနန်းတော်က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေး ရုရှား-ပြင်သစ် သဘောတူညီမှု ရရှိ

----------------------------

(Unicode)





