ယူကရိန်းအတွက် ဗုံးဖောက်ခွဲဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ ရုရှားအသေဖမ်းဆီး

မော်စကိုမြို့ရှိ ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB ရုံးချုပ်

ရုရှားနိုင်ငံမြောက်ပိုင်း၊ Karelia ဒေသက အုပ်ချုပ်ရေးရုံး အဆောက်အဦကို ယူကရိန်းအတွက် ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ဆိုတဲ့ Belarus နိုင်ငံသားတဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်ကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။ အဲဒီလူဟာ ရုရှား-ဖင်လန်နိုင်ငံနယ်စပ်နဲ့ ကီလိုမီတာ ၂၅၀ လောက်ဝေးတဲ့ Olonets မြို့မှာ လက်လုပ်ဗုံးနဲ့ ဖောက်ခွဲဖို့ကြံစည်နေတာလို့ FSB က ပြောပါတယ်။

အဲဒီ ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ အဆောက်အဦနားကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေ ချဉ်းကပ်သွားပြီး သေနတ်နဲ့ ပစ်လိုက်တာ၊ နောက်မကြာခင်မှာ လူတဦး ကြမ်းပေါ်မှာ လဲကျနေတာ တွေပါဝင်တဲ့ မှတ်တမ်း ဗွီဒီယိုကို FSB က ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယူကရိန်းတာဝန်ရှိသူတွေဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

မနေ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ - ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis တို့နှစ်ဦး ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa မြို့ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ အနီးဝန်းကျင်မှာ ကြီးမားတဲ့ ပေါက်ကွဲသံတွေ ဆင့်ကဲ ကြားလိုက်ရတာပါ။ အရာရှိတွေကားထဲဝင်ချိန်မှာပဲ ပေါက်ကွဲသံတွေကြားခဲ့ရပြီး Odesa မြို့ဟာ ရုရှားစစ်ဒဏ်ခံနေရတယ်ဆိုတာ သူ့အတွက်တော့ အင်မတန် အမှတ်ရစရာ ဖြစ်စေတယ်လို့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ပြောပါတယ်။ စစ်ပွဲအကြောင်း ကြားသိရတာနဲ့ လက်တွေ့ ကြုံတွေ့ရတဲ့ အခြေအနေဟာ အများကြီး ကွာခြားတယ်လို့လည်း ဂရိဝန်ကြီးချုပ်က ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအတွက် ဗုံးဖောက်ခွဲဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ ရုရှားအသေဖမ်းဆီး