သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုသစ်ချမှတ်ဖို့ EU သဘောတူ


EU logo
EU logo

ယူကရိန်းစစ်ပွဲမှာ ရုရှားကိုအကူအညီပေးနေတယ်လို့ သံသယဖြစ်ခံရတဲ့ တရုတ်ကုမ္ပဏီတချို့ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကိုပစ်မှတ်ထားတဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအစီအစဥ်အသစ်တရပ်ကို ဥရောပသမဂ္ဂနိုင်ငံများ (EU) က ဗုဒ္ဓဟူးနေ့မှာ သဘောတူညီခဲ့ကြပါတယ်။

အီးယူ သံတမန်တွေရဲ့ပြောဆိုချက်အရ ကုမ္ပဏီနဲ့လူပုဂ္ဂိုလ် ၂၀၀ လောက်ကို ပိတ်ဆို့အရေးယူဖို့ သဘောတူညီခဲ့ကြကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်မှာစတင်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းကို အပြည့်အဝကျူးကျော်ခဲ့တဲ့ ဒုတိယနှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေသလို ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) ထောက်ထဲမှာ သေဆုံးခဲ့ရပြီးနောက်ပိုင်းမှာ ရက်ပိုင်းအတွင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရုရှားအပေါ် အခုနောက်ဆုံးအရေးယူချက်က “အီးယူကချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူတွေထဲမှာ အကျယ်ပြန့်ဆုံးတခု” ဖြစ်တယ်လို့ လက်ရှိ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့အလှည့်ကျဥက္ကဋ္ဌရာထူးကို ရရှိထားတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ရုရှားကို အကူအညီပေးတယ်လို့ ယူဆရတဲ့ တရုတ်ကုမ္ပဏီအများအပြားကို ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရတယ်လို့ အီးယူ သံတမန်တွေက ပြောပါတယ်။ အီးယူက တရားဝင်ထုတ်ပြန်ချိန်မှာတော့ ပစ်မှတ်ထား အရေးယူခံရတဲ့အဖွဲ့အစည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေ ပါရှိမယ်လို့ ဆိုပါတယ်။ “ရုရှားအပေါ် ၁၃ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မယ့်အစီအစဉ် သဘောတူညီချက်ကို ကြိုဆိုကြောင်း” ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန် (Ursula von der Leyen) က ပြောပါတယ်။

“ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ စစ်ယန္တရားကို အားနည်းစေဖို့ စုစုပေါင်း ပစ်မှတ်ထားတဲ့ စာရင်း ၂,၀၀၀ ပါဝင်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်နဲ့ ရုရှားအပေါ် ဖိအားပိုပေးမယ်” လို့ ပြောပါတယ်။ ရုရှားအတွက် ဒရုန်းအသုံးမပြုနိုင်ဖို့ကိုလည်း ထပ်မံပိတ်ဆို့ အရေးယူထားတယ်လို့လည်း ပြောပါတယ်။ အခုနောက်ဆုံး အရေးယူမယ့်အစီအစဥ်ကို စစ်ပွဲရဲ့ဒုတိယနှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမယ့် စနေနေ့မှာ တရားဝင်အတည်ပြုမှာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗလာဒီမီယာပူတင်က သူ့ရဲ့တပ်တွေကို ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ဖို့ အမိန့်ပေးပြီးနောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ အကြိမ်ကြိမ်ချမှတ်ထားတာပါ။ ဒီထဲမှာ စွမ်းအင်ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာ့အကြီးဆုံး စိန်တူးဖော်ရေးကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စျေးကွက်တွေကို ပစ်မှတ်ထားပြီး ရုရှားအရာရှိတွေ ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့တာ၊ ခရီးသွားလာခွင့် ပိတ်ပင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုအသစ်ထဲမှာတော့ ရုရှားစစ်တပ် စက်မှုလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေအပေါ် ကုန်သွယ်မှုကန့်သတ်ချက်တွေ ပိုမိုတိုးမြှင့်စေမယ်လို့ သံတမန်တွေက ပြောပါတယ်။ နောက်ထပ် အရေးယူမှုတွေထဲမှာတော့ ဒရုန်းထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့နည်းပညာနဲ့အစိတ်အပိုင်းတွေကို ရုရှားနိုင်ငံကို တင်ပို့တာတွေအပေါ်မှာလည်း တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG