ဘဲလာရုစ်ကို အဆင့်မြင့် မစ်ဇိုင်းဒုံးစနစ် ရုရှားပေးအပ်မည်

(Zawgyi/ Unicode)

ဘဲလာရုစ် နိုင်ငံကို Islander-M မိုလ်ဘိုင်း ပဲ့ထိန်း မစ်ဇိုင်းဒုံးစနစ် လာမယ့် လပိုင်းတွေ အတွင်းမှာ ပေးအပ်မယ့် အကြောင်း ရုရှားသမ္မတ Vladimir Putin က စနေနေ့မှာ ပြောပါတယ်။ ရုရှား နိုင်ငံ စိန့်ပီတာစဘဂ်မှာ စနေနေ့က ဘယ်လာရုစ် သမ္မတ Alexander Lukashenko နဲ့ ရုရှားခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဘဲလာရုစ် နိုင်ငံ အနေနဲ့ အိမ်နီးချင်း လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ရန်လိုပြီး ထိပ်တိုက်တွေ့ရေး မူဝါဒတွေကို စိုးရိမ်ကြောင်း ဘဲလာရုစ် သမ္မတ Lukanshenko က ရုရှား သမ္မတ Putin ကို ပြောဆိုခဲ့တာပါ။

အမေရိကန် ဦးဆောင်တဲ့ NATO မဟာမိတ်တွေက ဘဲလာရုစ် နယ်စပ်တွေ အနီးမှာ နျူးကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေလို့ သုံးနှုန်းပြောဆိုပြီး အဲဒီ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ရေး ကူညီဖို့လည်း ရုရှားသမ္မတ Putin ကို အကူအညီ တောင်းပါတယ်။ ကီလိုမီတာ ၅၀၀ ကျော်ထိ ပစ်ခတ်နိုင်တဲ့ Iskander-M ဒုံးကျည် စနစ်တွေဟာဆိုရင် ရိုးရိုး ထိပ်ဖူးရော နျူးကလီးယား ထိပ်ဖူးပါ သယ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်း Chernihiv ဒေသတွင်းက Desna ရွာကို ပစ်မှတ်ထားပြီး ဘဲလာရုစ် နိုင်ငံတွင်းကနေ ရုရှားတို့က ဒုံးကျည် အစင်း ၂၀ ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း မြောက်ပိုင်း စစ်ဌာနချုပ်က ပြောဆိုခဲ့ပြီးနောက်မှာ ဘဲလာရုစ်ကို ဒုံးကျည်စနစ်တွေ ပေးမယ့်သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြေပြင်ကနေ ယူကရိန်း မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ် ဆိုတာ အပြင် ရုရှားတို့က Tu-22 တာဝေး ဗုံးကျဲ လေယာဉ်တွေကို ဘဲလာရုစ် နိုင်ငံတွင်းကနေ ပထမဆုံး အသုံးပြုခဲ့ကြောင်း ယူကရိန်း လေတပ် ဌာနချုပ်ကလည်း ပြောဆိုထားပါတယ်။

အိမ်နီးချင်း ဘဲလာရုစ် နိုင်ငံဟာဆိုရင် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် မတိုင်ခင် ကတည်းက ရုရှား စစ်တပ် တပ်ဖွဲ့တွေကို လက်ခံနေပြီး ကြားစခန်း အဖြစ် သုံးနေတာပါ။ ဒါပေမယ့် ဘဲလာရုစ် တပ်ဖွဲ့တွေကတော့ အခုအချိန်ထိ နယ်စပ်ကို ဖြတ်ကျော်တာ မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာဆိုရင် ဘဲလာရုစ်ကို စစ်ပွဲ အတွင်း ဆွဲသွင်းမယ့် ရုရှားရဲ့ ကြိုးပမ်းမှုနဲ့ တိုက်ရိုက် ပတ်သက်တယ်လို့ ယူကရိန်း စစ်တပ် ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဘဲလာရုစ်ကို အဆင့်မြင့် မစ်ဇိုင်းဒုံးစနစ် ရုရှားပေးအပ်မည်

(Unicode)





