“ယူကရိန်းစစ်ကြာရှည်မှု မဟာမိတ်တွေအပေါ်တည်” - ယူကရိန်းသမ္မတ

ယူကရိန်းသမ္မတ Volodymyr Zelenskyy. (မေ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းစစ် ဘယ်လောက်ကြာရှည်နိုင်လဲဆိုတာ မဟာမိတ်နိုင်ငံတွေပေါ် တည်တယ်လို့ ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့်ဆိုရင် ယူကရိန်းစစ် သုံးလကြာထဲ ဝင်ရောက်နေပါပြီ။

ရုရှားကျူးကျော်စစ် ဘယ်လောက်ကြာမှာကို ဘယ်သူမှ မမှန်းနိုင်ပေမဲ့ ဥရောပနဲ့ လွတ်လပ်တဲ့ ကမ္ဘာ့နိုင်ငံတွေပေါ် မူတည်နေပြီး စစ်ကို အမြန်အဆုံးသတ်နိုင်အောင် ယူကရိန်းဘက်ကတော့ အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ယူကရိန်းအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်မြေကိုယ့်ရေကို မြန်မြန်လွတ်မြောက်အောင် လုပ်နိုင်သမျှ လုပ်နေပြီး စစ်ပွဲမြန်မြန်ပြီးရေးကို နေ့စဉ် ဦးစားပေး ဆောင်ရွက်နေကြတယ်လို့ သမ္မတ Zelenskyy က နေ့စဉ်သတင်းစာရှင်းပွဲမှာ မနေ့က ပြောလိုက်ပါတယ်။

တချိန်တည်းမှာတော့ NATO မြောက်အတ္တလန္တိတ်စာချုပ် စစ်မဟာမိတ်အဖွဲ့ အမြန်တိုးချဲ့ရေး ဖြစ်နိုင်ခြေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ အခု ဂျာမနီခရီးစဉ်ထဲမှာ အဓိကထား ဆွေးနွေးဖို့ရှိပါတယ်။

တချိန်တုန်းက NATO အဖွဲ့နဲ့ ခပ်ခွာခွာနေခဲ့တဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ အခုတော့ NATO အဖွဲ့ဝင်ဖို့ ချည်းကပ် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ NATO အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့ တူရကီကတော့ ဒါကို ကန့်ကွက်နေပါတယ်။

ယူကရိန်းအနေနဲ့ NATO စစ်မဟာမိတ်ထဲဝင်ရင် ရုရှားနယ်စပ်အထိ နေတိုးအဖွဲ့ အင်အားချဲ့လာနိုင်တယ်ဆိုတာ အကြောင်းပြပြီး ရုရှားက ယူကရိန်းကို စစ်ဆင်ခဲ့တာပါ။ အခု ရုရှားနယ်စပ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဖင်လန်ကပါ NATO ဝင်ဖို့ လုပ်တာကို ရုရှားက ကန့်ကွက် သတိပေးနေပါတယ်။

SEE ALSO:

“ယူကရိန်းစစ်ကြာရှည်မှု မဟာမိတ်တွေအပေါ်တည်” - ယူကရိန်းသမ္မတ

------------------------------

(Unicode)






