ရုရှားသမ္မတ ဗီယက်နမ်ရောက်

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော် ဟနွိုင်အော်ပရာခန်းမမှာကျင်းပတဲ့ အခမ်းအနားအတွင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဝဲ)နဲ့ ဗီယက်နမ်သမ္မတ To Lam (ယာ)တို့ကို စင်မြင့်ပေါ်တွင်တွေ့ရစဉ် (ဇွန် ၂၀၊ ၂၀၂၄)

ယူကရိန်းပေါ် ကျူးကျော်စစ်ကြောင့် ရုရှားအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးလာနေချိန်မှာဘဲ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်က နှစ်နိုင်ငံအကြား ပိုမို နက်ရှိုင်းတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။​

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပပြီး ယူကရိန်းအရေး မြောက်ကိုရီးယားက အပြည့်အဝ ထောက်ခံပေးရေး အပါအဝင် ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပြီးတဲ့နောက် စစ်အေးခေတ်ကာလကတည်းက ရင်းနှီးခဲ့တဲ့မဟာမိတ် ဗီယက်နမ်နိုင်ငံကို သမ္မတပူတင်ရောက်လာတာပါ။ ဗီယက်နမ်မှာတော့ မြောက်ကိုရီးရဲ့ ထောက်ခံမှုမျိုး မရခဲ့ပေမယ့် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ဗီယက်နမ်သမ္မတ To Lam ပြသခဲ့ပါတယ်။​

"ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံတဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဒေသတွင်းနဲ့ တကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နှစ်နိုင်ငံစလုံးက ပိုမို ပူးပေါင်း ဆောင်ရွက်လိုတဲ့ဆန္ဒ ရှိကြပါတယ်" လို့ သမ္မတပူတင်နဲ့ တွေ့ဆုံအပြီးမှာ ဗီယက်နမ်သမ္မတ To Lam က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားဟာ ဗီယက်နမ်ကို လက်နက်တွေ အဓိက တင်ပို့ ရောင်းချပေးနေတဲ့နိုင်ငံဖြစ်ပြီး ၁၉၉၅ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အကြား ဗီယက်နမ်ရဲ့ လက်နက်ဝယ်မှု စုစုပေါင်း ၈၀ ရာခိုင်နှုန်းကို တင်ပိုခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။​ဗီယက်နမ်နဲ့ ရုရှားအကြား ပညာရေးကဏ္ဍကနေ တရားဥပဒေစိုးမိုးရေးနဲ့ အရပ်ဘက်သုံး နျူးကလီးယား စီမံတွေအထိ ဒါဇင်နဲ့ချီတဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။​

Your browser doesn’t support HTML5

ရုရှားသမ္မတ ဗီယက်နမ်ရောက်