စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ် ၃ ခုအစပ်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံ ၂၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒေသခံ စစ်ရှောင်တွေဟာ လက်ရှိမှာစားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေသလို နေထိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ဒီသီတင်းပတ် ၂ ပတ်အတွင်း ကျွန်းလှမြို့နယ်ထဲကရွာတွေအပြင် ကျွန်းလှနဲ့ ထိစပ်နေတဲ့ ကန့်ဘလူနဲ့ကောလင်းကကျေးရွာတချို့ပါ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်ကြရတဲ့ ဒေသခံတွေက နှစ်သောင်း (၂၀,၀၀၀) ဝန်းကျင်အထိ ရှိနေပြီလို့ စစ်ရှောင် ကူညီသူတွေကပြောကြပါတယ်။
ရှေ့တခေါက် စစ်ကောင်စီ စစ်ကြောင်းထိုးတုန်းက ရက်ပိုင်းလောက်ပဲ စစ်ရှောင်ကြပြီး ရွာထဲ ပြန်ဝင်လို့ ရတာမို့ ဒီတကြိမ်မှာလည်း မကြာခင် ရွာပြန်ဝင်နိုင်မယ်ထင်ပြီး စစ်ရှောင်ကြတဲ့ ဒေသခံတွေက စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းအနည်းငယ်လောက်သာယူပြီး စစ်ရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် ခုတခေါက်မှာ စစ်ကောင်စီတပ်က ကုက္ကိုကုန်းကျေးရွာမှာ စစ်စခန်းတွေ အသေအချာ ဆောက်လုပ်နေပြီးအထိုင်ချဖို့ စီစဉ်နေသလို အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ကင်းထောက်တိုက်ခိုက်နေတာကြောင့် ဒေသခံ စစ်ရှောင်တွေဟာလက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေသလို နေထိုင်ရေးအတွက်လည်း အတော်ကို ခက်ခဲနေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ခုလိုပြောပါတယ်။
“ခဏတဖြုတ်လေး ဝင်မယ်ထင်ပြီး သူတို့က ပေါ့ပေါ့ပါးပါးနဲ့ပေါ့နော်၊ စားနပ်ရိက္ခာကို ပေါ့ပေါ့ပါးပါး ယူပြီး ထွက်လာကြတာ၊ အရင်တုန်းက စစ်ကြောင်း တခါထိုးတယ်၊ ရွာတွေဘက် သူတို့ဝင်ပြီး မီးရှို့စရာ ရှိတာရှို့ပြီး လုပ်စရာရှိတာလုပ်ပြီး ပြန်ထွက်သွားတာကိုးဗျ။ အခုကျ သူတို့က အထိုင်လုပ်တယ်။ ဘက်ဖိုးတွေနဲ့ ကျင်းတွေတူးတယ်။ ဘန်ကာတွေ ခုဆောက်နေတယ်။ ပြီးတော့ အခု မြောက်ဖက်ခြမ်းမှာ သူတို့က ကင်းတွေထိုးလာပြီးတော့မှ ပြည်သူတွေရဲ့ စပါးတွေကိုရိတ်ခြွေစက်တွေနဲ့ ရိတ်ပြီး သယ်နေတယ်။ အဲ့တော့ အဲ့(ရွာတွေထဲမှာ) ထဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေ မယူနိုင်ခဲ့ဘူး။တချို့ဆို ဆန်လေး တပြည်လောက်၊ တစိတ်လောက်ပဲ ဆိုင်ကယ်လေးနဲ့ ဖြစ်သလို တင်သွားကြတယ်။အခုက ဘယ်လိုဖြစ်လဲဆိုတော့ ရွာအနီးနားပတ်ဝန်းကျင်မှာလည်း မနေနိုင်ဘူး။ ၁၄ ရွာ၊ ၁၅ ရွာလောက်က စစ်ရှောင်နေရတော့ အခုကတောထဲမှာ ဖြစ်သလိုလေးတွေနဲ့ နေကြရရှာတယ်။ မိုးကာလေးတွေ ရှိတဲ့သူကရှိ၊ မရှိတဲ့သူဆို လှည်းအောက်မှာ ထိုးအိပ်နေရတယ်။ တဲတွေကလည်း လူတွေ ပြည့်ကျပ်နေတာဆိုတော့ တဲတွေကလည်း လူမဆံ့ဘူး။ ကျနော်တို့ ပြည်သူတွေကလည်း တော်တော်ကိုမှ စားနပ်ရိက္ခာပြတ်လပ်နေတယ်။ ကျန်းမာရေး မကောင်းသူလည်း တပုံကြီး။ ဗော်လန်တီယာ အဖွဲ့ကလည်း ဆေးမရှိဘူး၊ ကျန်းမာရေး ကုသမှုပေးကြတဲ့အဖွဲ့တွေမှာလည်းလေ။”
ကျွန်းလှမြို့နယ်ထဲက ကုက္ကိုကုန်းကျေးရွာဟာ ရွာလေးရွာပေါင်းထားတဲ့ ကျေးရွာကြီးဖြစ်ပြီး အိမ်ခြေ ၃,၀၀၀ နီးပါး ရှိတဲ့ ကျေးရွာအုပ်စုကြီးဖြစ်ပါတယ်။ ကျွန်းလှမြို့ရဲ့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာမှာ ရှိပြီး စီးပွားရေးအရအချက်အချာ နေရာတခုဖြစ်ပါတယ်။ ဒီကျေးရွာအုပ်စုကြီးရဲ့ အနီးဝန်းကျင်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိပြီး အခုလက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီက ကုက္ကိုကုန်းရွာမှာ အထိုင်စခန်းချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို ဒရုန်းနဲ့ ကင်းထောက် တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တွေ ဒုက္ခရောက်ကြရတဲ့ အခြေအနေကို ဒေသခံတဦးက ခုလိုပြောပြပါတယ်။
“ကျနော်တို့ ဒီဘက်မှာကလေ သူတို့က နည်းနည်းလေး အရိပ်အယောင်မြင်လိုက်တာလောက်နဲ့ သူတို့က ဒရုန်းအားကတအားကောင်းတာ၊ ဒရုန်းနဲ့ လိုက်ချတယ်။ ရဲဘော်တွေ ကျတဲ့သူက ကျ၊ ဒဏ်ရာရတဲ့သူကလည်း တပုံကြီးဖြစ်နေတယ်။ သူတို့က ဒရုန်းအားနဲ့ အဓိက ထားပြီးပစ်တယ်။ ပြီးတော့ ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ နောက် လက်နက်ကြီးက ၆၀တို့ ၈၄ တို့နဲ ဒီဘက်ကို လှမ်းပစ်တယ်။ အဲ့လို သူတို့ဆီက ဒရုန်းအားက တအားကောင်းတာ။ အဲ့တော့ ကျနော်တို့ဘက်မှာက အဆင်မပြေဘူး။ တအားကြီး ကပ်လို့လည်း မရဘူး။ မြင်လို့လည်း မရဘူး။ ညဆိုရင် မီးရောင် မပြောနဲ့ ဖုန်းလေးနဲ့ဘယ်နှစ်နာရီရှိပြီလဲ ကြည့်တာတောင် ကျနော်တို့ဘက်မှာ တော်တော့်ကို သိုသိုသိပ်သိပ်နဲ့ လုပ်ပြီးကြည့်ရတယ်။ ဒရုန်းအားကောင်းတော့လေ။”
ကျွန်းလှမြို့နယ်အတွင်းကို စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်က နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့ထိ ကျေးရွာတွေကိုဝင်ရောက်နယ်မြေရှင်းနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာတွင်းက ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကိုယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကျွန်းလှနယ်ထဲက ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်စတဲ့ ကျေးရွာတွေ စစ်ရှောင်နေရပြီး၊ ကန့်ဘလူနယ်ထဲက လက်ခုပ်ပင်၊ ကောလင်း နယ်ထဲက ရွာသစ်၊ အောင်ချမ်းသာ၊ပေတပင် စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ကန့်ဘလူ၊ကျွန်းလှစတဲ့ ဒေသတွေမှာ မြေပြင်စစ်ကြောင်းတွေ ပြန်ထိုးလာ နေပြီးတော့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေ ရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။
Your browser doesn’t support HTML5