ဒေသခံ ၅ ဦး သေဆုံးခဲ့ရတဲ့ ကနီ ကျောက်လှေကားရွာကို စစ်ကောင်စီ ဗုံးထပ်လာကြဲ

ကနီမြို့နယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြင်ရစဉ် (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်တပ်ဘက်က လေကြောင်းကနေ ဒုတိယအကြိမ်ထပ်ပြီး ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာထဲက နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အခုလို မကြာခဏ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ တာကြောင့် ဒေသခံတွေမှာ စိုးရိမ်နေကြပါတယ်။ ကနီမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၅ ဦး သေဆုံး ခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျောက်လှေကားကျေးရွာ ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ ဒုတိယအကြိမ် လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောတာပါ။ မကွေးလေတပ်စခန်းက တက် လာတဲ့ Y12 လေယာဉ်ဟာ ကျေးရွာပေါ်မှာ ၇ ကြိမ်ခန့်ဝဲပျံပြီး ဗုံးသီးတွေပစ်ချတာကြောင့် ကျေးရွာထဲကနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတာလို့ ပြောပါတယ်။ ကနီ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ကနီဒေသခံတဦးပြောတာကတော့

"ည ၉ နာရီ ၁၅၊ ၉ နာရီလောက် Y-12(လေယာဉ်) နဲ့ကြဲသွားတာ။ ၇ ပတ်လောက် ပတ်ပြီးကြဲသွားတာ။ ထိခိုက်ပျက်စီးမှုက အိမ် ၁၂ လုံးထိခိုက်ပျက်စီးတယ်။ လူကအထိခိုက်မရှိဘူး။ လူက အရင်နေ့က ဖြစ်တာ။ ကြောက်နေတော့ အပြင်မှာ ထွက်ရှောင်နေတဲ့အချိန်မှာ ရွာထဲကို ကြဲသွားတာ။ တော်တော် လေးကိုပျက်စီးတာ။ ဘာလို့လဲဆိုတော့ ၆၀ ဗုံးသီးတွေ ကြဲတာမဟုတ်ဘူး ၁၂၀ မမ ဗုံးသီးတွေ ကြဲချတာပေါ့။ သူက Y-12(လေယာဉ်) ဆိုတော့ လက်နဲ့ကြဲချတာပေါ့။"

ဒီဇင်ဘာ ၁၆ ရက် ညပိုင်းကလည်း လေကြောင်းကနေ ကျောက်လှေကား ကျေးရွာကို တိုက်ပွဲဖြစ်တာ မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အခုလိုသီတင်းပတ်တပတ်အတွင်း ဒီဇင်ဘာ ၁၈ ရက်က တကြိမ် ဒီဇင်ဘာ ၁၆ ရက်က တကြိမ် လေကြောင်းက ၂ ကြိမ် ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကျောက်လှေကား ကျေးရွာက ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်နေပြီး တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

လက်ရှိ ကနီ ကျောက်လှေကားကျေးရွာ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ကနီမြို့ လူသားစာနာတာဝန်ခံက အခုလို ပြောပါတယ်။

"အခုက ရွာထဲကိုလည်း နေလို့က မရသေးဘူးပေါ့။ ရှောင်တိမ်းနေရတဲ့ အနေအထားတွေပေါ့။ တောတွေထဲမှာပေါ့လေ။ ဒီအခြေအနေမှာတော့ စိတ်တွေ ခြောက်ခြားမှုတွေရှိနေတယ်ပေါ့လေ။ နေရာထိုင်ခင်း ရှောင်နေရတဲ့အခက်အခဲတွေမှာ အခြေခံစားနပ်ရိက္ခာပေါ့လေ။ လိုအပ်ချက်တွေကတော့ ရှိတယ်ပေါ့လေ။ အခက်အခဲတွေကို ကူညီပေးနေရတာတွေ ရှိနေတယ်။ ကျနော်တို့အနေနဲ့ လေကြောင်းအန္တရာယ် အသိပညာပေးတာတွေ တတ်နိုင်သလောက်လုပ်နေပါတယ်။ လေကြောင်း အန္တရာယ် မိုင်းအန္တရာယ် အသိပညာပေးတာတွေ မြေပြင်မှာ တတ်နိုင်သလောက် လုပ်နေပါတယ်။"

ဒီဇင်ဘာလထဲ ကျောက်လှေကား ကျေးရွာနဲ့ နတ်ကြီး ကျေးရွာတို့ကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ထားပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ သေဆုံးတဲ့အထိ ပြင်းထန်ခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြေ ာင်းနဲ့ တရားမျှတမှုကို ဖော်ဆောင်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၈ ရက်က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားပါတယ်။ အခုလို စစ်ကောင်စီ ဘက်က စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်ဆိုတာကို NUG က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို တိုက်ခိုက်ပြီး ကလေးသူငယ်တွေ သေဆုံးခဲ့ရသည့် ဖြစ်စဉ်၊ ပြစ်မှုကျူးလွန်မှု ဖြစ်စဉ်တွေကို အသေးစိတ် မှတ်တမ်းတင်ထားပြီး သေဆုံးခဲ့ရတဲ့ ကလေးသူငယ်တွေအတွက် တရားမျှတမှုကို ဖော်‌ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ သေဆုံးဒဏ်ရာရတဲ့အထဲမှာ ကလေးငယ်တွေနဲ့ ကျောင်းသားတွေပါတဲ့ ကနီ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

ဒေသခံ ၅ဦး သေဆုံးခဲ့ရတဲ့ ကနီ ကျောက်လှေကားရွာကို စစ်ကောင်စီ ဗုံးထပ်လာကြဲ