မင်းကင်းမြို့အနီး ရေယာဉ်နစ်မြုပ်မှုမှာ ပျောက်ဆုံးသူ အများအပြားရှိ

  • ဇော်ဝင်းလှိုင်

ချင်းတွင်းမြစ်ကြောင်းမှာတွေ့ရတဲ့ စစ်ကောင်စီ ရေယာဉ် (ယခင်ပုံဟောင်း)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာ နစ်မြုပ်သွားတဲ့ စစ်ကောင်စီ သင်္ဘောကနေ ပျောက်ဆုံးနေသူ ဆယ်ဂဏန်းနဲ့ချီ ရှိနေပြီး အသက်ရှင် ကျန်ရစ်သူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေတက်ချိန် ဖြစ်နေတဲ့အတွက် စက်လှေကို ဆယ်ယူဖို့ မဖြစ်နိုင်သေးဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။ မင်းကင်းမြို့နယ်ထဲ နစ်မြုပ်သွားတဲ့ သင်္ဘောနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ကိုဇော်ဝင်းလှိုင် က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ခန္တီးမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီ အသုံးပြုတဲ့ သင်္ဘော ၁၀ စီးကျော်ထဲက ကြယ်မင်း (၄) အမည်ရ သင်္ဘောဟာ မင်းကင်းမြို့နယ် ပန်းဆက် ကျေးရွာအနီးက ရှဲနတ်တောင်အနီးမှာ စက်တင်ဘာ ၁၉ ရက်နေ့က တိမ်းမှောက်ခဲ့တာပါ။ ဒီလို တိမ်းမှောက်တာကြောင့် ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး အသက်ရှင် ကျန်ရစ်သူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ဘောတိမ်းမှောက်တာနဲ့ ပတ်သက်လို့ မင်းကင်း ဒေသခံတဦးက သူကြားသိရတဲ့ နောက်ဆုံး အခြေအနေကို အခုလို ပြောပါတယ်။

“နစ်မြှုပ်သွားတဲ့ စက်လှေနဲ့ ပတ်သက်လို့ နောက်ဆုံးကြားရတာက သူတို့ အသက်ရှင် ကျန်ရစ်သူ ၆ ယောက်လို့ သိရတယ်။ ၆ ယောက်ကို စလင်ကို ထိပ်တုံးထဲ ထည့်ထားတယ်။ နောက်ပြီး အဲ့ဒီနား ဝန်းကျင်မှာ တပ်အစောင့်ပေါ့နော် တပ်အစောင့်တွေ ချထားတယ်။ အဲ့လောက်ပဲ သိရသေးတာ။ သူတို့ ဒီဟာကို ဖော်ဖို့အတွက်ကို အောက်ဘက်ကနေ ကရိန်း မှာနေတယ်လို့လည်း သိရတယ်။ စလင် တယောက်ပါတယ်။ အဲ့ဒီအထဲက ကျန်တာက အသေးစိတ်အနေနဲ့ မသိရသေးဘူး။ ဘာလို့လဲဆိုတော့ အဲ့နေရာက ပျူစိုးမိုးနယ်မြေ စစ်တပ်က အဲ့မှာ ရဲစခန်းလည်း ရှိတာဆိုတော့ ထိန်းချုပ်နယ်မြေဖြစ်နေတော့ အခက်အခဲရှိတယ်။ ချက်ချင်းကြီး မပေါ်ဘူးလေ သေဆုံးသူ အလောင်းဆိုတာလည်း နည်းနည်းပါးပါး ဟိုဟာဖြစ်မှ ပေါ်လာတာကိုး။”

သင်္ဘော နစ်မြုပ်ပြီးနောက် မျောပါလာတဲ့ အထုပ် အချို့ကို ဒေသခံတွေက ဆယ်ယူရရှိခဲ့ပြီး အထုပ်ထဲမှာ ခန္တီး အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူ တဦးရဲ့ မှတ်ပုံတင်ကို တွေ့ရှိပြီး ရုပ်အလောင်းတွေ မျောပါလာတာတော့ မတွေ့သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တင်ဘာ ၂၀ ရက် စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီဝန်ထမ်း ၃ ဦး၊ အရပ်သူအရပ်သား ၆ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၂ ဦး ပျောက်ဆုံးနေပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီ သတင်းထုတ်ထားတဲ့ ပျောက်ဆုံး အရေအတွက်ထက် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အရေအတွက်က ပိုများနိုင်တယ်လို့ ပြောပါတယ်။ နစ်မြုပ်ခဲ့တဲ့သင်္ဘော ဟာ လူ ၂၀၀ ကျော် ၃၀၀ နီးပါးအထိ တင်ဆောင်လို့ရတဲ့ သင်္ဘောဖြစ်ပြီး နစ်မြုပ်ချိန်မှာလည်း လူ ရာနဲ့ချီ ပါနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပေမဲ့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ နစ်မြုပ်နေတဲ့ သင်္ဘောကို လတ်တလော ဆယ်ယူရင် ရေများပြီး ရေစီးသန်နေတဲ့အတွက် ဆယ်ယူဖို့ မဖြစ်နိုင်သလို ဆယ်ယူရင်လည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“အဲ့စက်လှေက ရေထဲမြုပ်နေတဲ့အတိုင်းပဲ ဘာမှ မြင်ရတော့တာမှာ မဟုတ်တာ။ မရဘူးဗျ ဆယ်လို့ကလည်း ရေများနေတာလေ။ ရေစီးအားသန်နေတော့ ဆယ်ယူဖို့ဆိုတာ အခက်အခဲ ရှိတယ်လေ။ ပျူစောထီးရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်နေတဲ့အခါကျတော့ သူတို့လာပြီး ဆယ်ယူရင်လည်း တော်လှန်ရေး အင်အားစု ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှာပဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် ဆယ်ယူတယ် ဆိုရင်လည်း သူတို့အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှာပဲ။ အဲ့ဒါဆိုတော့ လုံခြုံမှုကတော့ လုံးဝ မရှိဘူး။”

အခု သင်္ဘော နစ်မြုပ်ခဲ့ပြီးတဲ့နောက် ကျန်တဲ့ စစ်ကောင်စီ သင်္ဘောတွေ ဆက်လက် စုန်ဆင်းသွားပြီ ဖြစ်သလို အခုဆိုရင် ကနီမြို့နယ်ထဲကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ စစ်တပ်ဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြောင်းတွေမှာ သင်္ဘောတွေကို အသုံးပြုပြီး လူ၊ လက်နက်နဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင် တာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကမ်းနဘေးက သူတို့ကို ထောက်ခံတဲ့ ကျေးရွာတွေကို ရိက္ခာပို့ဆောင်တာတွေ လူတင်ဆောင် တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မြစ်ကြောင်းကနေ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်တာတွေ လုပ်လို့ စစ်တပ်အသုံးပြုတဲ့ စက်လှေတွေ၊ သင်္ဘောတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တာတွေလည်း ရှိပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာပါ။ စစ်တပ်ရဲ့ သင်္ဘောတွေကလည်း မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေရှိရာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အဲ့လို ကျေးရွာတွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူသေဆုံးတာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ စစ်တပ် သင်္ဘောတွေ ဖြတ်သန်းသွားတဲ့ အခါတွေမှာ မြစ်ကမ်းအနီး ကျေးရွာက ဒေသခံတွေ မကြာခဏ တိမ်းရှောင်နေကြရပါတယ်။

Your browser doesn’t support HTML5

မင်းကင်းမြို့အနီး ရေယာဉ်နစ်မြုပ်မှုမှာ ပျောက်ဆုံးသူ အများအပြားရှိ