အကျဉ်းထောင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေအပြင် လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေးတွေအဆိုးဝါး ဆုံးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ယက် က ပြောပါတယ်။ လတ်တလောမှာလည်း ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လုံခြုံရေးအကြောင်းပြပြီး ဧည့်တွေ့ ခွင့်ကန့်သတ်ထားတယ်လို့ ကွန်ယက်က ပြောပါတယ်။ အကျဉ်းထောင်တွေထဲ ဘယ်လောက်ထိ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေသလဲ ဆိုတာနဲ့ပတ်သတ်လို့ ရန်ကုန်သတင်းထောက်က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း အကျဥ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေး အကျဥ်းသားအသိုင်းအဝိုင်းနဲ့ ကာယကံရှင်မိသားစုဝင်တွေက အစဉ်တစိုက် ထောက်ပြနေကြချိန်မှာပဲ အကျဉ်းထောင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ပိုဆိုးလာနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများကွန်ယက်က ဦးသိုက်ထွန်းဦး ကပြောပါတယ်။
“လက်ရှိအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ပြောင်းချိန်မှာ လူမဆန်တဲ့ ရိုက်နှက်မှုတွေခံကြရတာတွေ၊ ပြီးတော့ အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ လိင်အကျိုးအမြတ်ထုတ်ခံရတာတွေ၊အမျိုးသားတွေကိုမုဒိန်းကျင့်တာတွေ ဒါတွေပါ ကျနော်တို့ ခံစားနေကြရပါတယ်။ မုဒိန်းကျင့်ခံရသူတွေက လိင်စိတ်ကွဲပြားသူတွေပါသလို ယောက်ကျားရင့်မာတွေ ကိုတောင်မှ သူတို့ရဲ့လိင်စိတ်အာသာပြေဖို့အတွက် အသုံးပြုတာတွေရင်ဆိုင်နေကြရပါတယ်။ အမျိုးသမီးတွေမှာလည်း သူတို့လိင်အင်္ဂါတွေကို အမျိုးသားစိတ်ခံယူနေတဲ့ဝန်ထမ်းတွေကစစ်ဆေး တာမျိုးတွေ၊ မိမိလိင်အင်္ဂါကို ရှာဖွေတာမျိုးတွေ၊ ဒါတွေကလည်း လုံးဝကိုမှ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်နေရတဲ့အခြေအနေ ဖြစ်နေပါတယ်။”
အကျဉ်းထောင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေအပြင် လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေးတွေအဆိုးဝါး ဆုံးချိုးဖောက်ခံနေရတယ်လို့လည်း ဦးသိုက်ထွန်းဦးကဆက်ပြောပါတယ်။
“အကျဥ်းထောင်တွေထဲမှာ မိမိကိုခတ်မယ့်သော့ကအစ အကျဉ်းသားတွေရဲ့ပိုက်ဆံနဲ့ဝယ်ယူနေရတယ်။ ကိုယ်ချိုးမယ့်ရေကအစ ဝယ်ချိုးနေရတယ်။ စားမယ့်အစာကအစ ပြင်ပက မိသားစုကပို့ရတာအပြင် ကိုယ်တိုင် ဝယ်ယူစားသောက်နေရတယ်။ လက်ရှိကတော့ အကျဉ်းသားအခွင့်အရေး အားလုံး ဆုံးရှုံးနေရတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထောင်လာအကျခံနေရသလိုဖြစ်နေတယ်။ အကျဉ်းထောင်ထဲမှာ ဒီနှစ်ထဲမှာ လူမဆန်တဲ့နှိပ်စက်မှုတွေကြောင့်၊ နောက်ဥပဒေမဲ့သတ်ဖြတ်ခဲ့တာဖြစ်လို့ အနည်းဆုံး နိုင်ငံရေးအကျဉ်းသူသား ၉ ဦး အသက်ပေးခဲ့ကြရတယ်။ ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမပေးလို့ သေဆုံးမှုတွေလည်းရှိတယ်။ အဲတော့ လူသားတိုင်းအခြေခံရသင့်တဲ့ အသက်ရှင်ပိုင်ခွင့်ကိုတောင် ဆုံးရှုံးနေတယ်လို့ပြောလို့ရတဲ့အခြေအနဖြစ်နေပါတယ်။”
အာဏာမသိမ်းခင်ကတော့ အကျဉ်းထောင်တွေထဲကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ လူ့ အခွင့်အရေးကော်မရှင်တို့က ကွင်းဆင်းကြည့်ရှုတာ၊ အကျဉ်းသားတွေနဲ့ တွေ့ဆုံစကားပြောတာတွေ ရှိခဲ့ပြီး လိုအပ်တာတွေကို ပြုပြင်တာတွေလုပ်ခဲ့ဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီအခြေအနေတွေမရှိတော့ပါဘူး။ ဒီလိုအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဖိနှိပ်တာတွေအပြင် အကျဉ်းသားတွေကို ကျန်းမာရေးအတွက် ဆေးကုသခွင့်မပေးတာ၊ ဆေးဝါးမလုံ လောက်တာ၊ နေထိုင်စားသောက်ရေးခက်ခဲအောင် လုပ်ဆောင်တာ စတဲ့အကြပ်အတည်းတွေကို နိုင်ကျဉ်းတွေ ခံနေရတယ်လို့ ပြန်လွတ်လာသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လုံခြုံရေးအကြောင်းပြပြီး ဧည့်တွေ့ ခွင့်ကန့်သတ်ထားတယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။
"လက်ရှိအထိကတော့ နိုင်ငံရေးအကျဉ်းသား အကျဥ်းသူ ၆၀၀ ဝန်းကျင်လောက်ကတော့ မိသားစုတွေနဲ့ ဧည့်တွေ့ခွင့်မရရှိဘဲနဲ့ အပိတ်ခံထားရတယ်။ အခြားအကျဉ်းသားတွေက ဧည့်တွေ့ခွင့် ရရှိနေတော့ ခွဲခြားဆက်ဆံမှုတွေ ရင်ဆိုင်နေရတဲ့အခြေအနေတခု ဖြစ်နေပါတယ်။”
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး ရွှေဘိုမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ရွှေဘို အကျဉ်းထောင်ကနိုင်ငံရေးအကျဉ်း သားတွေကို မိသားစုနဲ့ ဧည့်တွေ့ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တာပါ။ ဘယ်လိုကြောင့်ပိတ်ထားရလဲဆိုတာကို သက်ဆိုင်ရာအကျဉ်းထောင် ပြည်ထဲရေးအတွင်းဝန်နဲ့ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံတို့ဆီကို ဗွီအိုအေက ဆက်သွယ်ပေမယ့်ပြန်မဖြေခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နာယက ဦးထွန်းကြည်ကတော့ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေအနေနဲ့ တချိန်မှာ တာဝန်ယူရမယ်လို့ သတိပေးလိုက်ပါတယ်။
“စစ်အာဏာရှင်တွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ကတော့ ဘယ်သူ့မှလည်း ခွင့်လွှတ်လို့မရဘူး။ တရားမျှတမှုကို အပြည့်အဝပေါ့နော်-တာဝန်ယူတာဝန်ခံရမယ်ဆိုတဲ့ သတင်းစကားကို အခုအချိန်ကတည်းက အတိအလင်းတော့ သတင်းစကား ပါးထားချင်ပါတယ်ဗျား။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတဝန်း ဖမ်းဆီးခံရသူ သုံးသောင်းနီးပါးရှပြီး အဲဒီအထဲက နှစ်သောင်းကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဒီစာရင်းတွေက ချဲ့ကားလွန်းတဲ့စာရင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပေမယ့် အေအေပီပီကတော့ ဒါကကောက်ယူနိုင်တဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်လို့တုံ့ပြန်ထားပါတယ်။