ရွေးကောက်ပွဲကာလ ရှမ်းပြည်တိုက်ပွဲ SNLD ဝေဖန်

နောင်ချိုမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ဦးဆောင်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အောက်တိုဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ရှမ်းပြည်နယ်ဘက်မှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ တကျော့ပြန်ပြင်းထန်လာတဲ့အပေါ်ရွေးကောက်ပွဲ မထိခိုက်အောင် တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့နဲ့ ကပ်ရောဂါကိုဗစ်ကာလ ရှမ်းပြည်သူတွေ အိုးအိမ် ပစ်ပြေးနေရတဲ့ အခြေအနေအပေါ် ရှမ်းပြည်နယ်အစိုးရအနေနဲ့ တာဝန်အပြည့်အဝယူပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

ဒီသီတင်းပတ်အတွင်းမှာကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အနီးမှာ အပစ်ခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ RCSS/ SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလို့ ဒေသခံ ရှမ်းလူထုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကိုယ်တိုင်သွားကူညီပေးနေတဲ့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

အခုလို ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်ပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ အခြေအနေပေါ်ပြည်သူတွေ ဘေးကင်းလုံခြုံရေးတိုက်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ကျနော်တို့ပြောချင်တာကတော့ဗျာ။ စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ပေါ့... ဒီရွေးကောက်ပွဲကိုလည်း မထိခိုက်အောင် ရပ်ပေးဖို့ပါပဲ။ သူတို့က ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အဲ့လိုအချိန်မျိုးပဲဖြစ်တယ်ဗျ။ ဒီရွေးကောက်ပွဲမဖြစ်အောင်ပေါ့ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းသွားအောင်ပေါ့။ အဲ့လိုမျိုး ရည်ရွယ်ချက်တွေများ ရှိသလားတော့ မသိဘူး။ အဲ့လိုမျိုး အချိန်မျိုးတွေဆို အချိန်ကိုက်ဖြစ်ဖြစ်လာတတ်တယ်ဗျ။ အဲ့ဒါတော့ တော်တော် သတိထားမိတာပေါ့လေ။"

SEE ALSO: တပ်မတော်နဲ့ RCSS တိုက်ပွဲများရပ်တန့်ရေး ရှမ်းပြည်နယ်အစိုးရ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်နေ

အခုလို ရှမ်းပြည်သူလူထု ထောင်နဲ့ချီ အသက်လုဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အခြေအနေအပေါ် ရှမ်းလူထု ဒုက္ခရောက်နေတာကိုချက်ခြင်း အရေးတယူ မလုပ်တာမို့ - ရှမ်းပြည်နယ်အစိုးရကို SNLD အနေနဲ့ ရှုတ်ချတယ်လို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

"ရှမ်းပြည်နယ်အစိုးရကိုတော့ ကျနော်တို့ အပြစ်တင်ချင်ပါတယ်။ ဒီရွှေလီမှာ NLD ဆန္ဒပြတဲ့သူတွေကိုကျတော့ သူတို့ချက်ခြင်း အရေးတယူ လုပ်ပေးတယ်။ အစိုးရဖြစ်လာချိန်မှာ ကိုယ်နဲ့ဆိုင်တဲ့ပါတီကိုပဲ ကိုယ်က အလုပ်အကျွေးပြုပြီးတော့ ဒီရှမ်းပြည်မှာ ရှိတဲ့ တခြားတိုင်းရင်းသားတွေ ဒုက္ခရောက်နေတာကိုတော့ ထင်ထင်ရှားရှား ဘာမှ မလုပ်ပေးနိုင်တာကိုတော့ ရှမ်းပြည်နယ်အစိုးရကို ကျနော်တို့ အပြစ်ပြောချင်ပါတယ်။ အနည်းဆုံးတော့ အကူအညီပေးသင့်တာပေါ့လေနော့။ နောက်ပြီးတော့ စစ်ပွဲတွေ ရပ်စဲဖို့ကိုလည်း သူတို့ကြိုးစားပေး သင့်တာပေါ့။ အခုတော့ ဘာမှ အဲ့ဒီ့လက္ခဏာတွေ မတွေ့ရဘူး -ဆိုရင် -ရှမ်းပြည်နယ်အစိုးရဟာ ဒီလိုဘက်လိုက်တယ်ဆိုတဲ့ ဟာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ထင်တယ်။ ဒေသခံရှမ်းတွေ ဖြစ်နေတာကိုတော့ မကူညီတာကိုတော့ ဝမ်းနည်းဖို့ကောင်းပါတယ်။ SNLD အနေနဲ့ကတော့ ပစ္စည်းတွေ သွားကူညီပေးနေတာကလွဲရင် ဘာမှ လုပ်လို့မရပါဘူး။ လောလောဆယ်တော့ ထွက်ပြေးနေတဲ့ စစ်ဘေးရှောင်တွေကို ကူညီတာပဲရှိတယ်။ JMC (Joint Ceasefire Monitoring Committee) တွေဘာတွေလည်း ပြောဖို့ ပြောတဲ့သူလည်း ပြောနေကြတာပေါ့နော် ဘာမှ မတတ်နိုင်ဘူးဖြစ်နေတယ်။"

အခုချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်နေတုန်း ကူးစက်မြန်ရောဂါကို ကာကွယ်တဲ့အနေနဲ့ ပြည်သူတွေ နေအိမ်ထဲမှာပဲ နေကြဖို့ အစိုးရတာဝန်ရှိသူတွေက ညွှန်ကြားချက်အမိန့်တွေ ထုတ်ထားရချိန် စစ်ဘေးကြောင့် ရှမ်းပြည်သူတွေ ပြေးနေရတဲ့အခြေအနေအပေါ်ရှမ်းပြည်နယ်အစိုးရဘက်က လုံခြုံရေး တာဝန်ယူဖြေရှင်းပေးဖို့ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်က ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက အခုလိုတိုက်တွန်းပါတယ်။

SEE ALSO: ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ ဒေသခံတွေ ထပ်မံထွက်ပြေးနေရ

"တိုက်ပွဲအခြေအနေကတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ တပ်မတော်ပိုင်းကတော့ ထိုးစစ်ကို တရစပ်ကို ဝင်နေတုန်းပဲပေါ့နော်။ ကျနော်တို့ လေ့လာချက်အရကတော့။ ဒီနေရာမှာက လုံးဝကို ကိုဗစ်ရောဂါ ကာလကြီးမှာ လူစုလူဝေး မနေရလို့ အစိုးရက ထုတ်ပြန်ထားတာကိုး။ အခုက တိုက်ပွဲတွေဖြစ်တော့ ပြေးကြရတော့ လူစုလူဝေးနဲ့ကို မနေလို့မရဘူး အဲ့လိုအနေအထားရောက်နေတာပေါ့နော်။ ကျနော်တို့က အဲ့ဒါကြောင့် စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ အားခဲကြဖို့ လိုတာပေါ့နော်။ အခု အောက်ခြေမှာကတော့ ကျနော်တို့ ကိုယ်တိုင်ရယ်၊ နောက် လူမှုရေးအဖွဲ့အစည်းတွေရယ်၊ သက်ဆိုင်ရာအဖွဲ့တွေရယ်နဲ့ နေ့စဉ်သွားရောက် ကူညီထောက်ပံ့ပေးနေတာရှိတယ်။ အစိုးရကို ကျနော်တို့ တိုက်တွန်းတာကတော့ ပြည်နယ်အစိုးရအနေနဲ့ သက်ဆိုင်ရာ စစ်ဘေးရှောင် ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်မနေပဲနဲ့ ထိထိရောက်ရောက် ကူညီစောင့်ရှောက်ပေးဖို့ ကျနော်တို့ အကြောင်းကြားစာတစောင် ပို့ထားတာရှိတယ်။"

အခုလိုရှမ်းပြည်နယ်က လတ်တလောတိုက်ပွဲတွေနဲ့ တိုင်းရင်းဒေသတွေက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ ကတော့ တိုက်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း အပစ်ရပ်အဖွဲ့တွေကို စောင့်ကြည့်နေတဲ့အဖွဲ့တွေဘက်က ဖြေရှင်းပေးမှာဖြစ်ပြီး သူ့အနေနဲ့တော့ ပြည်သူလူထုကို ထိခိုက်စေမယ့် တိုက်ပွဲတွေ မဖြစ်စေချင်ဘူးလို့ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တာ မကောင်းဘူးလေ မဖြစ်စေချင်ဘူးပေါ့နော်။ သူတို့အဲ့ဒီမှာ တိုက်ပွဲ စောင့်ကြည့်ရေးကော်မတီတွေ ဘာတွေရှိတယ်။ သူတို့ပိုသိမယ်၊ ကျနော်တို့ကတော့ လတ်တလောအခြေအနေ ဘာတွေလည်း သေချာမသိသေးဘူး။"

ရှမ်းမြောက်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်ကတော့- ဒီတိုက်ပွဲတွေဖြစ်ရတာက RCSS/SSA အဖွဲ့ဘက်က သတ်မှတ်နယ်မြေတွေ ကျော်လွန် လှုပ်ရှားလာပြီး မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်း လမ်းကြောင်း လုံခြုံရေးအဖွဲ့နဲ့ကျောက်မဲမြို့၊ နမ့်လန်မြို့များရှိ နယ်မြေခံတပ်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လာပြီးတော့ နှောင့်ယှက်ပစ်ခတ်နေတယ်လို့ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲကာလ ရှမ်းပြည်တိုက်ပွဲ SNLD ဝေဖန်

[Unicode Version]






SEE ALSO: ကိုဗစ်ကာလ နေရပ်မပြန်နိုင်သူတွေ ကြိုတင်မဲပေးခွင့်ပြုမည်




SEE ALSO: ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲရှိနေ



