မြန်မာ့အရေးမှာ အာဆီယံ မျှော်လင့်သလောက်အလုပ်မဖြစ် (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၅၁ ကြိမ်မြောက် အာဆီယံအပိတ်မိန့်ခွန်းပြောကြားစဉ်။ (သြဂုတ် ၄၊ ၂၀၁၈)

(Zawgyi / Unicode)

မြန်မာနိုင်ငံ အရေးမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံဘက်က မျှော်မှန်း ထားသလောက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြောင်း စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက သြဂုတ်လ ၂၀ ရက် သောကြာနေ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

စစ်အာဏာသိမ်းခံရပြီးနောက် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင် ပြန်လည် ငြိမ်းချမ်း တည်ငြိမ်ရေးကို သံတမန်ရေး အရ ဆောင်ရွက်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက အာဆီယံ အဖွဲ့ကြီးကို တိုက်တွန်းထားတာပါ။

အာဆီယံ အနေနဲ့ မျှော်မှန်းထားသလောက် ထိရောက်မှု၊ မြန်ဆန်မှု မရှိကြောင်း၊ အခြေအနေကလည်း ခက်ခဲတဲ့ အကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishanan က ရိုက်တာ သတင်းအေဂျင်စီကို ပြောပါတယ်။

အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဘရူးနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို ခန့်အပ်ထားပြီး ဖြစ်ပေမယ့်လည်း မြန်မာ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှုက သိပ်ပြီး နှေးကွေးနေတယ်လို့ ယူဆကြောင်းလည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ အတွင်း ကျင်းပမယ့် ASEAN ခေါင်းဆောင်းများ ညီလာခံ မတိုင်ခင်မှာ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof ရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်လို့ ထူခြားမှု ရှိလာမယ်လို့ မျှော်လင့်ကြောင်းလည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အနှစ်သာရ ရှိဖို့ကတော့ စစ်တပ် အနေနဲ့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့် ပေးဖို့ ဖြစ်တယ်လို့လည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် စေလွှတ်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ခုကို ချမှတ်ခဲ့ပေမဲ့ လနဲ့ချီအကြာ ဒီလဆန်းကမှ အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ခဲ့သလို၊ ခန့်အပ်ပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံကို မသွားနိုင်သေးတာကြောင့် အာဆီယံအပေါ် အားမလိုအားမရ ဖြစ်တာတွေလည်း ရှိနေပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံကို သွားတဲ့ခရီးစဉ်မှာ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရလိုတဲ့အကြောင်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေးမှာ အာဆီယံ မျှော်လင့်သလောက်အလုပ်မဖြစ် (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)

(Unicode)







