အရှေ့တောင်အာရှ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကြောင့် ဒေါ်လာ ၃၇ ဘီလီယံ ဆုံးရှုံး - UNODC

တရုတ်ပိုင် အွန်လိုင်းလုပ်ငန်းတခုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ (ဩဂုတ် ၂၂၊ ၂၀၂၄)

အရှေ့တောင်အာရှနိုင်ငံတွေမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို ဥပဒေအရ နှိမ်နှင်းနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ကြားကပဲ ပြီးခဲ့တဲ့နှစ်အတွင်း လိမ်ညာခံရသူတွေရဲ့ ဆုံးရှုံးမှုပမာဏ ဒေါ်လာ ၃၇ ဘီလျံလောက် ရှိတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့သူတွေ၊ လှည့်ဖျားခံခဲ့ရသူတွေရဲ့ ပမာဏကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က အစီရင်ခံစာထုတ်ပြန်ထားတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားတာပါ။

သမိုင်းမှာ အရင်က မကြုံဖူးလောက်တဲ့ အခြေအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေ ကြီးထွားလာနေပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေဟာ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ အခြေချပြီး အကြီးအကျယ် လုပ်ငန်းလည်ပတ်တဲ့ နေရာတွေ ဖြစ်လာတယ်လို့ အစီရင်ခံစာက ပြောပါတယ်။ ငွေလိမ်ဂိုဏ်းတွေဟာ ချစ်သူရည်းစားဟန်ဆောင် လှည့်စားတာ၊ Crypto ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်နဲ့ လိမ်ညာတာ၊ ငွေကြေး ခဝါချမှုနဲ့ လောင်းကစားလုပ်ငန်းတွေကတဆင့် အတင်းအကြပ် ငွေကြေးရယူခဲ့ကြတာလို့ ပြောပါတယ်။

ဒီလုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့ လူတွေ တရားမဝင် ကုန်ကူးရောင်းစားခံရပြီး ကက်စီနို၊ ဟော်တယ်၊ အထူးစီးပွားရေးဇုံ၊ ဖွံဖြိုးရေးနယ်မြေ စသဖြင့် နေရာတွေမှာ အတင်းအကြပ် အလုပ်ခိုင်းခံရသူတွေလည်း အများအပြားရှိတဲ့အကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ရေးသားပါတယ်။ ဒေသတွင်း နယ်စပ် ဒေသတွေမှာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ အဓိက လည်ပတ်တဲ့နေရာတွေဖြစ်လာပြီး အစိုးရအဖွဲ့အစည်းတွေအတွက် ထိရောက်အောင် ကိုင်တွယ် နှိမ်နှင်းဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာကိုလည်း UNODC ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။