သီရိလင်္ကာလွှတ်တော်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြန်ကျင်းပဖို့ သမ္မတက ညွှန်ကြားထားပြီး ဝန်ကြီးချုပ် သစ်အဖြစ် သူခန့်ထားတဲ့ အာဏာရှင်ဟောင်း Mahinda Rajapaksa ကို အတည်ပြုရေး လွှတ်တော်အမတ်တွေ မဲခွဲ ဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။
တောင်အာရှဒေသက သီရိလင်္ကာကျွန်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေချိန်မှာပဲ သမ္မတရဲ့ တနင်္ဂနွေနေ့အမိန့် ထွက်လာတာပါ။
အရင်ဝန်ကြီးချုပ် Ranil Wickremesinghe နဲ့ သူ့ရဲ့အစိုးရအဖွဲ့ကို သမ္မတ Maithripala Sirisena က ဖြုတ်ပစ်လိုက်ပြီး Mahinda Rajapaksa ကို ပြီးခဲ့တဲ့လက အစားထိုး ခန့်အပ်ထားတာပါ။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ အလုံအလောက်ရ အောင် Rajapaksa စည်းရုံးနိုင်ဖို့ အချိန်ပေးပုံရတဲ့အနေနဲ့ လွှတ်တော်ကိုလည်း ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအတိုက်အခံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပအစိုးရတွေက လွှတ်တော်ကို ချက်ခြင်းပြန်ခေါ်ပြီး နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်အောင်လုပ်ဖို့ သမ္မတ Sirisena ကို တိုက်တွန်းထားပါတယ်။
ဖြုတ်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Wickremesinghe ကလည်း လွှတ်တော်အမတ်အများစုက သူ့ကို ဆက်ထောက်ခံဆဲ ရှိတယ်လို့ဆိုပြီး လွှတ်တော်ပြန်ကျင်းပပေးဖို့ တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5