ဆွီဒင်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွေကို အခု တနင်္ဂနွေနေ့ ကျင်းပနေပါပြီ။ Scandinavian ဒေသ တိုင်းပြည်တပြည်ဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လစ်ဘရယ်အယူအဆခိုင်မာအားကောင်းပေမယ့်လို့ အခုရွေးကောက်ပွဲမှာတော့ အဲဒီ အခြေအနေ ပြောင်းသွားနိုင်ပါတယ်။
EU ဥရောပသမဂ္ဂကနေ နုတ်ထွက်ပြီး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒတင်းကျပ်လိုတဲ့ ဆွီဒင်ဒီမိုကရက်တွေဟာအင်အားအကြီးဆုံး ပါတီတရပ်ဖြစ်လာဖို့ မျှော်မှန်းထားကြတာပါ။ လွတ်လပ်ချောင်လည်တဲ့ ဆွီဒင်နိုင်ငံဖြစ်လာစေဖို့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို တင်းကျပ်ဖို့လိုမယ်လို့ ဆွီဒင်ဒီမိုကရက် ခေါင်းဆောင် Jimmie Akesson က မဲဆန္ဒရှင်တွေကို စနေနေ့က ပြောပါတယ်။
ဝန်ကြီးချုပ် Stefan Lofven ကတော့ အမုန်တရားရှိသူတွေဟာ လူ လူချင်း နှိပ်ကွပ်ဖို့ ဆွီဒင်နိုင်ငံမှာ လှုံ့ဆော်နေပြီ၊ ဒါကို တွန်းလှန်ဆန့်ကျင်ရမယ်၊ တန်းတူမျှတရေးအတွက် ရပ်တည်ကြရမယ်လို့ စနေနေ့ လူထုစုဝေးပွဲမှာ ပြောသွားပါတယ်။ အခြား ဥရောပနိုင်ငံအများစုလိုပါပဲ၊ အရှေ့အလယ်ပိုင်းဒေသ တောင်အာရှနဲ့ အာဖရိက ဒေသက ထွက်ပြေးလာသူတွေအတော်များများမှာ ဆွီဒင်နိုင်ငံမှာ ခိုလှုံရောက်ရှိနေကြတာပါ။
၂၀၁၅ ခုနှစ်တခုတည်းမှာပဲ ဒုက္ခသည်အဖြစ်ခိုလှုံသူ တသိန်းခွဲကျော်ရှိခဲ့တာကြောင့်၊ ဒီအခြေအနေဟာ ဆွီဒင်နိုင်ငံရေးကိုပါ အတော်ရိုက်ခတ်နေပါတယ်။ နာဇီလက်သစ်တွေနဲ့ အခြေခံထားတဲ့ ဆွီဒင်ဒီမိုကရက် အခုလို အားကောင်းလာတာကြောင့်၊ တက်လာမယ့် အစိုးရသစ်ဖွဲ့ရေးကိစ္စမှာ လက်ယာစွန်းအုပ်စုတွေရဲ့ သြဇာပိုပြီးကြီးလာမယ့်အခြေအနေဖြစ်တယ်လို့ မဲခန့်မှန်းသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
ဆွီဒင်ရွေးကောက်ပွဲ လက်ယာစွန်းတွေ အသာရဖွယ်ရှိ