[[Zawgyi/Unicode]]
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်လာချိန်မှာပဲ ထိုင်ဝမ်ကျွန်းမှာ တရုတ် ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ကျွန်းသားတွေ ခုခံဖို့ အဆင်သင့်ဖြစ်ကြရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။
ထိုင်ဝမ်မှာ သမ္မတ Tsai Ing-wen ဟာ သူ ၂၀၁၆ ခုနှစ် အာဏာရလာကတည်းကစလို့ စစ်ဘက်အားကောင်းလာစေဖို့ အတော်လေးအာရုံစိုက်လာခဲ့တာပါ။ သူ့ အစိုးရသက်တမ်းအတွင်း ထိုင်ဝမ်ကာကွယ်ရေးကို အလေးပေးပြီး အရံတပ်ဖွဲ့ဆိုင်ရာမူဝါဒတွေကို ပြန်သုံးသပ်တာနဲ့ ထိုင်ဝမ်စစ်တပ် အရည်အသွေးတိုးတက်လာဖို့ဆိုတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
စစ်မက်ဖြစ်လာခဲ့ရင် ထိုင်ဝမ်စစ်တပ်ကို အကူအညီပေးနိုင်ဖို့အတွက် လူတိုင်းနီးပါး အခြေခံစစ်ပညာကို မဖြစ်မနေ သင်ကြားရဖို့ လိုပါတယ်။ ၁၉၉၀ ခုနှစ်ကစလို့တော့ လူတိုင်း စစ်မှုထမ်းကာလ နှစ်နှစ်ကနေ လေးလအထိ လျှော့ချခဲ့ပေမယ့်လို့ အခုတော့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီလို ကာလတို စစ်သင်တန်းဟာ မလုံလောက်ဘူးလို့ ပြောလာပါပြီ။
ထိုင်ဝမ်လူထုစစ်တမ်းရယူမှုအဖွဲ့ကြီးရဲ့ မကြာခင်က စစ်တမ်းတခုမှာတော့ အသက် ၂၀ နဲ့အထက် လူ ၇၈ ရာခိုင်နှုန်းဟာ ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှုမရှိဘူးလို့ ဖြေထားကြပါတယ်။ နောက်ထပ်မေးခွန်းတခုမှာတော့ ထိုင်ဝမ်မှာရှိတဲ့ စစ်မှုထမ်းကာလကို လေးလကနေ တနှစ်အထိ တိုးမြှင့်သင့်တယ်လို့ အသက် ၂၀ အထက် လူ ၇၅.၉ ရာခိုင်နှုန်းက ဖြေဆိုထားပါတယ်။ ဒီအဖြေတွေကိုကြည့်ရင် ထိုင်ဝမ်မှာရှိတဲ့ အသက်ပြည့်သူတိုင်းဟာ ထိုင်ဝမ်ကျွန်းကို ခုခံကာကွယ်ဖို့၊ စွန့်လွှတ် စွန့်စားဖို့ ဆန္ဒရှိကြတယ်ဆိုတာ ပြနေတာပဲလို့ Hoover Institution ရဲ့ သုတေသီ Kharis Templeman က ပြောပါတယ်။
ဒါ့အပြင် ထိုင်ဝမ်စစ်တပ်အနေနဲ့ သူ့ရဲ့ အရံတပ်ဖွဲ့စနစ်ကို ပြန်လည်သုံးသပ်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
အခု ယူကရိန်းစစ်ကြောင့် ထိုင်ဝမ်းမှ လူထုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့တရပ်ထားရှိဖို့ လိုအပ်မလားဆိုတဲ့ စဉ်းစားမှုတွေရှိလာတယ်လို့ လွှတ်တော် နိုင်ငံခြားရေးနဲ့ကာကွယ်ရေးကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် Lo Chih-cheng က ပြောပါတယ်။ မြို့ပြစစ်ပွဲလို ပြင်ဆင်ထားနိုင်ဖို့အတွက် စစ်မှုထမ်းကာလ လေးလဟာ အင်မတန်တိုတောင်းလိုတာကြောင့် လူငယ်တွေကို ဒီထက်ပိုကြာကြာ စစ်သင်တန်းပေးဖို့ ဆွေးနွေးနေကြတယ်လို့ သူက VOA ကို ပြောပါတယ်။
Your browser doesn’t support HTML5
============
[[Unicode]]
============