လောင်းလုံးကာကွယ်ရေးအဖွဲ့များထိန်းချုပ်နယ်မြေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ ယခင်မှတ်တမ်းဓာတ်ပုံ။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင်း ဒေသခံတော်လှန်ရေးအဖွဲ့တွေ နယ်မြေလုံခြုံရေးရယူတဲ့နေရာမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ နေအိမ်တချို့ ပျက်စီးသွားပါတယ်။ ဒေသတွင်း နယ်မြေလုံခြုံရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေက ပြောထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ချက်တွေကို မြို့နယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အသိပေးထုတ်ပြန်ပြီး နောက်တနေ့မှာပဲ နယ်မြေလုံခြုံရေး ရယူနေတဲ့နေရာဆီ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"စစ်ကောင်စီသုံးနေတဲ့ လောင်းလုံး-ထားဝယ်လမ်းပိုင်းပေါ့။ အဲဒီဟာကို ကျနော်တို့ကထုတ်ပြန်ချက်ထုတ်ပြီး နောက်ပိုင်းမှာ စစ်ဆေးရေးတွေလုပ်တယ်။ အဲဒီလုပ်တဲ့အခါမှာ ကျနော်တို့ပုံမှန် စစ်ဆေးတဲ့ပုံစံမျိုးနဲ့ စစ်ဆေးနေချိန်မှာ သူတို့က ထားဝယ်ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်ဗျ။ ကျနော်တို့ စစ်ဆေးနေတဲ့နေရာရဲ့ အနီးတဝိုက်ကိုကျတယ်။ နေအိမ်တွေပေါ် ကျသွားတယ်ဗျ။ အိမ်တွေကတော့ ထိခိုက်ပျက်စီးမှု ဖြစ်သွားတယ်။ ဒါပေမဲ့ ပြည်သူထိခိုက်မှုတော့ မရှိဘူး။"

လက်နက်ကြီးနဲ့ပစ်ခတ်လို့ လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာက လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ် ပကဖ အပါအဝင် ၄ ဖွဲ့ပေါင်း ထုတ်ပြန်ချက်ထဲမှာတော့ ဒေသတွင်းမှာ လုံခြုံရေးအရ အချိန်မရွေး စစ်ဆေးမှုတွေလုပ်ပြီး Boycott လုပ်ထားတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို တွေ့ရှိရင်လည်း သိမ်းဆည်းအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

"အဓိက ရည်ရွယ်တာက စစ်ကောင်စီအသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာ နယ်မြေအေးချမ်းအောင်ပေါ့။ နယ်မြေလုံခြုံရေးကို ၄ ဖွဲ့ပေါင်းပြီးတော့ ဆောင်ရွက်တယ်။ အဲဒီအခါမှာ ပြည်သူတွေရော၊ မြို့နယ်အတွင်းမှာ လှုပ်ရှားသွားလာနေတဲ့ ရဲဘော်တွေရော ကျနော်တို့နဲ့တွေ့ရင် စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံ သွားလာဖို့ပေါ့နော်။ နောက်တခုက ကားတွေမှာ မှန်အမဲတပ်ပြီးတော့ မောင်းတာတွေလည်း မှန်ချပြီးတော့ မောင်းစေချင်တယ်။ အဲဒီလမ်းပေါ်မှာ စစ်ကောင်စီက ပုံစံအမျိုးမျိုးနဲ့ သွားလာနေတဲ့အခါကျတော့ မှားယွင်းမှုမဖြစ်အောင်ပေါ့။"

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက နေရာတော်တော်များများမှာ စစ်ကောင်စီဘက်က ရွာထဲဝင် စစ်ကြောင်းထိုးတာနဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ရှိနေတာပါ။ တိုက်ပွဲဖြစ်ပွားချိန်မှာလည်း ရေကြောင်းနဲ့လေကြောင်းကပါ တိုက်ခိုက်တာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်တာ ရှိပေမယ့် လေကြောင်းရန်တော့ မရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"လေယာဉ်က လာတော့လာတယ်။ ပစ်တာတော့ မရှိဘူး။ တိုက်ခိုက်တာတော့ မရှိသေးဘူး။ ဒေသခံတွေက သူတို့ဘက်လာတယ်ဆိုရင် သူတို့ဘက်ပြေးတာပဲ။ ကျနော်တို့ဘက်လာရင် ကျနော်တို့လည်းပြေးတာပဲ။ သူတို့ (စကစ) ကို မလာစေချင်ဘူးပေါ့။ ဒီဒေသထဲကို မလာစေချင်ဘူး။"

ထားဝယ်ခရိုင်ထဲက လောင်းလုံး၊ ရေဖြူ၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့မေလထဲ နေရပ်စွန့်ထွက်ပြေးရတဲ့ ဒေသခံပေါင်း ၃၂,၀၀၀ ဝန်းကျင် အနည်းဆုံးရှိခဲ့တယ်လို့ အချက်အလက်စုဆောင်းထားတဲ့ FE5 တနင်္သာရီက ထုတ်ပြန်ထားပါတယ်။ ဒေသခံအယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

လောင်းလုံးကာကွယ်ရေးအဖွဲ့များထိန်းချုပ်နယ်မြေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ