သင်္ဃန်းညီနောင်ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့ကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် သိမ်းပိုက်စဥ်မြင်ကွင်း။ (ဧပြီ ၂၀၂၄)

ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက စစ်ကောင်စီ လက်လွတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရယူနိုင်ရေးအတွက် မြ၀တီ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေတဲ့အတွက် ဒေသခံတွေ မြဝတီမြို့ဘက် စစ်ရှောင်လာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၂၄ ခု နှစ်ဆန်းပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်း စစ်စခန်းအပါအဝင် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅၊ ၃၅၆ နဲ့ ၃၅၇ တပ်ရင်း တွေကို ပြန်လည်ရရှိရေး ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဦးဇော်ထွန်းက ပြောပါတယ်။

“စစ်ကြောင်းထိုးလာတာတော့ ဟုတ်တယ်၊ တိုက်ပြွတော့မဖြစ်သေးဘူး။ တိုက်ပွဲပြင်နေကြပြီ။ စစ်ဘေးရှောင်တွေက ကြိုပြီး ရှောင်နေကြပြီ။ သင်္ကန်းညီနောင်က ဗျူဟာကုန်းကို ပြန်ရယူဖို့ သူတို့စစ်ပြင်လာကြတယ်။ စစ်ဘေးရှောင်တွေကတော့ ရေပူစခန်းဘက်ကို လာနေကြတယ်။ ပြီးတော့ သူတို့အရင်က စစ်ဘေးရှောင်ခဲ့တဲ့ နေရာဟောင်းတွေဆီကို ပြန်လာနေကြပြီ။ အရင်ကတော့ သူတို့က နေရပ်ကို ပြန်နေကြတယ်။ အခုတော့ စစ်ဘေးတိုက်ပွဲဖြစ်မယ့် အရိပ်အရောင်တွေ တွေ့ရတော့ အခု ပြန်ပြေးလာကြတာပေါ့။”

မြ၀တီခရိုင်၊ သင်္ကန်းညီနောင် ဗျူဟာအနီးက ပေါလောရွာ၊ သံပုရာရွာ ဘက်ကို စစ်ကောင်စီတပ်သားတွေ လာနေကြသလို၊ မြဝတီ ကုန်သွယ်ရေးဇုန် ၊ ရွာသစ်နောက်ဘက်လမ်းကနေ ရာနဲ့ချီရှိတဲ့ စစ်သားတွေ တဖြည်းဖြည်း ဝင်လာနေကြတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“မြန်မာစစ်သားတွေက စိမ့်ဝင်တဲ့သဘောပဲ။ စစ်ကြောင်းလိုက်ကြီး ထိုးတာတော့မဟုတ်ဘူး။ စိမ့်ဝင်လာတဲ့သဘောမျိုးပေါ့။”

ကော့ကရိတ်ဘက်က စစ်ကောင်စီရဲ့အောင်ဇေယျစစ်ဆင်ရေးက မြ၀တီမြို့ကို မတက်လာနိုင်ပေမယ့် နယ်မြေခံ နယ်ခြားစောင့်တပ်တွေ၊ DKBA ငြိမ်းချမ်းရေးကောင်စီတပ်တွေရဲ့ အကူအညီနဲ့ စစ်ကောင်စီတပ်တွေက ဇူလိုင်လကစပြီး မြ၀တီမြို့ကို ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာနေတာလည်း ရှိနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

အခုဆိုရင် စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလအတွင်းက လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ အခုလို စစ်အင်အားတွေ တိုးလာတာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းက PDF ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ ပြည်တွင်းကို ထိုးဖောက်ဝင်ရောက်နေချိန်မှာပဲ စစ်ကောင်စီ တပ်အင်အားတွေဟာ မြ၀တီခရိုင်အတွင်းကို စစ်ကြောင်းတွေ ပြန်ဝင်လာတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သင်္ဃန်းညီနောင်ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ