တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မူးယစ်ဆေးတင်သွင်းမှု ထိုင်းဝေဖန်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိတဲ့Ice မူးယစ်ဆေး ၃၂၃ ကီလို နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။(ဇန်နဝါရီ ၇၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်)

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ပွဲအတွက် ဝင်ငွေရှာတဲ့အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ တိုးမြှင့် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲကို တင်သွင်း ရောင်းချတာတွေ ပိုလုပ်လာနေတယ်လို့ ထိုင်းစစ်တပ် အကြီးတန်း အရာရှိတဦးက မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်တွေ ဝယ်ယူဖို့နဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့ ငွေကြေး လိုအပ်နေတာ ဖြစ်တယ်လို့ Pha Muang တပ်ဖွဲ့ ဒုတိယ အကြီးအကဲ၊ ဗိုလ်မှူးကြီး Meechai Nillasart က ပြောပါတယ်။ ဒီနှစ် ဘဏ္ဍာနှစ်အတွင်း Methamphetamine(မက်သမ်ဖက်တာမင်း) စိတ်ကြွဆေးပြား ၁၅၁ သန်း သိမ်းဆည်းရ မိထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် အခုလိုကာလအတွင်း သိမ်းဆည်းရမိတဲ့ ပမာဏထက် ၄၂ သန်း ပိုများလာတာ ဖြစ်တယ်လို့ Pha Muang တပ်ဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ ဘိန်းဖြူ ၂၅၆ ကီလိုဂရမ်နဲ့ ice စိတ်ကြွဆေး ၁၃၅၂ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရမိသလို၊ ဒီလို နယ်စပ်တကြော နှိမ်နင်းမှုတွေအတွင်း သံသယရှိသူ ၃၄၇ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး မူးယစ်ဆေး မှောင်ခိုတင်သွင်းသူ ၂၉ ဦးကိုတော့ အသေဖမ်းဆီး ခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာနယ်စပ်အနီးမှာ ထိုင်းနိုင်ငံမြောက်ပိုင်းကို ခိုးသွင်းဖို့ လုပ်နေတဲ့ စိတ်ကြွဆေးပြားတွေ နောက်ထပ် သန်းနဲ့ချီ ရှိနေသေးတယ်လို့ ယူဆရကြောင်းလည်း ဗိုလ်မှူးကြီး Meechai က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဘိန်း စိုက်ပျိုး ထုတ်လုပ်မှုဟာ မနှစ် ၂၀၂၃ ခုနှစ်အတွင်း ၃၅% တိုးလာခဲ့ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ သတိပေး ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ သုံးနှစ် ဆက်တိုက် ဘိန်း စိုက်ပျိုးထုတ်လုပ်မှု တိုးလာပြီးတဲ့နောက် အရင်က ကမ္ဘာမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ အာဖဂန်နစ္စတန်ကို ပြီးခဲ့တဲ့နှစ်က စပြီး ကျော်တက်သွားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မူးယစ်ဆေးတင်သွင်းမှု ထိုင်းဝေဖန်