ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံမှာ မိုးအကြီးအကျယ်ရွာသွန်းတာကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးပြီးသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ မှာ ပြောကြားခဲ့ပါတယ်။ နောက်ထပ်လည်း မိုးအကြီးအကျယ် ရွာသွန်းနိုင်တာကြောင့် ၂ နိုင်ငံလုံးက ခိုလှုံစရာနေရတွေနဲ့ ကယ်ဆယ်ရေးအစီအစဥ်တွေအတွက် ပြင်ဆင်နေကြပါတယ်။
မိုးကြီးရေလျှံတာကြောင့် မလေးရှားမှာ လူ ၆ ဦးထက်မနည်း သေဆုံးသလို ထိုင်းတောင်ပိုင်းမှာ ၂၅ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ခုလို မိုးကြီးရေလျှံတာကြောင့် အိမ်ထောင်စုပေါင်း ၃ သိန်းလောက် ဘေးဒုက္ခရင်ဆိုင်ခဲ့ရပြီး လူပေါင်း ၃ သောင်းခွဲနီးပါး ကယ်ဆယ်ခဲ့ ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ကြာသပတေးနေ့ထိ မိုးဆက်လက်ရွာသွန်းမယ် ဆိုပြီးတော့လည်း သတိပေးထားတာပါ။
မလေးရှားအရှေ့ပိုင်းမှာ လွန်ခဲ့တဲ့ သီတင်းပတ်က ခန့်မှန်းထားတာထက် ပိုပြီးရွာသွန်းခဲ့တဲ့ ၅ ရက်ကြာ မိုးဟာ လွန်ခဲ့တဲ့၆ လအတွင်းရွာတဲ့မိုးနဲ့ ပမာဏတူတယ်လို့ မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ပြောပါတယ်။ မိုးကြီးပြီး ရေလျှံတာကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်း Kelanatan (ကီလနတန်) နဲ့ Terengganu (တရီဂနူ) ပြည်နယ်တွေမှာ လမ်းတွေနေအိမ်တွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးတွေက စက်လှေတွေသုံးပြီး နေအိမ်တွေထဲ ပိတ်မိနေသူတွေကို လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။
ရေကြီးရေလျှံတာကြောင့် နိုင်ငံ အခြေခံအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ဖို့ ခန့်မှန်းခြေ မလေးရှားရင်းဂစ် ၁ ဘီလီလျံ အမေရိကန်ဒေါ်လာ ၂၂၄ သန်းလောက် ကုန်ကျနိုင်တယ်လို့လည်း ဝန်ကြီးချုပ် Anwar က ပြောပါတယ်။
မိုးကြီးရေလျှံတာကြောင့် ပြည်နယ် ၈ ပြည်နယ်က လူပေါင်း ၉၀,၀၀၀ ကျော်ဟာ ကျောင်းတွေ၊ မြို့ခန်းမတွေနဲ့ကယ်ဆယ်ရေးဌာနတွေမှာ ခိုလှုံနေထိုင်နေရတယ်လို့ မလေးရှား သဘာဝဘေးအန္တရာယ် ကွပ်ကဲရေးစင်တာက ပြောပါတယ်။
Your browser doesn’t support HTML5