ထိုင်းနိုင်ငံမှာ တလအတွင်း မြန်မာလုပ်သား (၈၀,၀၀၀) ကျော် ဖမ်းဆီးခံခဲ့ရ 

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေကို ရက်ပေါင်း ၁၂၀ စစ်ဆေးဖမ်းဆီးရေးစီမံချက်အရ ဖမ်းဆီးနေရာမှာ တလကျော်အတွင်းမှာ အဖမ်းခံရတဲ့ နိုင်ငံခြားသားအလုပ်သမား တသိန်းကျော်ရှိခဲ့ပြီး ဒီထဲမှာ မြန်မာ ၈ သောင်းကျော်ပါတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေကို ရက်ပေါင်း ၁၂၀ စစ်ဆေးဖမ်းဆီးရေးစီမံချက်အရ ဖမ်းဆီးနေရာမှာတလကျော်ကြာပြီဖြစ်ပါတယ်။ စီမံချက်စပြီး ၃၆ ရက်အတွင်း ဖမ်းမိသူတသိန်းကျော်ရှိရာမှာ ဒီထဲမှာ မြန်မာက ၈ သောင်းကျော်ပါဝင်နေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဇွန်လ ၅ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့ထိ ၃၆ ရက်အတွင်းမှာ တရားမဝင် နိုင်ငံခြားသားစစ်ဆေးအရေးယူရေးစီမံချက်အရ ဖမ်းဆီးအရေးယူတဲ့အထဲမှာ တရားမဝင် နိုင်ငံခြားသားတွေက တသိန်းကျော်ဖမ်းမိပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားက ၈ သောင်းကျော်ပါပါတယ်။"

ဖမ်းမိသူတွေထဲမှာ အထောက်အထားလက်မှတ်မရှိသူတွေသာမက အထောက်အထားမစုံသူတွေ၊ အလုပ်လုပ်တဲ့နေရာနဲ့ မှတ်ပုံတင်ထားတဲ့နေရာ လွဲနေသူတွေ၊ ထိုင်းနိုင်ငံသားတွေသာလုပ်ရမယ့်အလုပ်တွေကိုလုပ်ကိုင်နေသူတွေပါဝင်တယ်လို့လည်းဆိုပါတယ်။

"ထိုင်းက အခုလို စာရွက်စာတမ်းအထောက်အထားမရှိတဲ့သူတွေ၊ အထောက်အထားမစုံတဲ့သူတွေ၊ အဲဒီထဲမှာ ထိုင်းနိုင်ငံသားတွေခွင့်ပြုချက်မရှိဘဲ လုပ်တဲ့သူတွေ အများစုကမြန်မာနိုင်ငံသားတွေဖြစ်တယ်။ ဘယ်လိုအလုပ်တွေလဲဆိုတော့ စျေးဆိုင်တွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ မော်တော်ယာဉ်၊ ခရီးရှည် ခရီးတို မောင်းနှင်တဲ့လုပ်ငန်းတွေ၊ ရွှေပန်းတိမ်လုပ်ငန်းတွေ၊ အလှပြင်ဆိုင်တွေ၊ ပရိဘောဂလုပ်ငန်းတွေ အဲဒီအလုပ်တွေလုပ်ကြတဲ့မြန်မာတွေ အဖမ်းခံရတာများတယ်။"

ဘန်ကောက်၊ ရာချ်ဘူရီ၊ ဥဒေါင်းဌာနီ စတဲ့နေရာတွေက စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုပ်ငန်းခွင်အသီးသီးကနေ ဖမ်းမိခဲ့တာဖြစ်ပြီး အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားစုစုပေါင်း ၁၀၈,၈၇၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲမှာ မြန်မာက ၈၀,၉၁၃ ဦးနဲ့ ကမ္ဘောဒီးယားအလုပ်သမား ၁၆,၅၀၇ ဦး၊ လာအိုနိုင်ငံသား ၇,၈၀၄ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၀၄ ဦး၊ တခြားနိုင်ငံကအလုပ်သမား ၃,၅၄၇ ဦးတို့ ပါဝင်ပါတယ်။

တရားဝင်အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေသူတွေကို ဒဏ်ကြေး ဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ၂ နှစ်အထိ ပိတ်ပင်ခံရမယ်လို့ ထိုင်းဥပဒေအရ ထုတ်ပြန်ထားပါတယ်ရှင်။