သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အထောက်အထားမဲ့မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ


မတ်လ ၁၉ တရက်တည်းမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ အထောအထားမဲ့ဝင်လာတဲ့ မြန်မာတွေကို ဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
မတ်လ ၁၉ တရက်တည်းမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ အထောအထားမဲ့ဝင်လာတဲ့ မြန်မာတွေကို ဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီမှာ မတ်လ ၁၉ ရက် တနေ့တည်းမှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို အစုလိုက်အပြုံလိုက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်းက Sangkhlaburi ရဲစခန်း၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ ၁၃၄ ကရဲတပ်ဖွဲ့ဝင်တွေ၊ အထူးတပ်ဖွဲ့စု နယ်ခြားစောင့်အဖွဲ့တွေ၊ Sangkhlaburi ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေပူးပေါင်းပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာသူတွေကိုဖမ်းဆီးဖို့ စစ်ဆေးရေးဂိတ်ချခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မနက်အစောပိုင်းကစပြီး ကားမောင်းသူ မြန်မာနိုင်ငံသားနဲ့အတူ မြန်မာ ၂၀ ဦးကိုဖမ်းဆီးနိုင်ခဲ့သလို မနက် ၁ နာရီအချိန်မှာ ထောင်ပါပူးစစ်ဆေးရေးဂိတ်မှာ ၃၃ ဦး ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နောင်လူကျေးရွာအတွင်း ပုန်းအောင်းနေတဲ့ နောက်ထပ် မြန်မာ ၅၀ ကျော်ကိုလည်း နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကန်ချနဘူရီနယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တနေ့တည်းမှာပဲ မြန်မာ ၁၀၀ ကျော်ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အလုပ်သမားရေးလှုပ်ရှားသူဦးရဲမင်းကတော့ မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေက စစ်တပ်ကအာဏာသိမ်းပြီး စစ်မှုုထမ်းဥပဒေထွက်ပြီးချိန်မှာ ပိုများလာတယ်လို့လည်း ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ အတော်များများ လူအစုလိုက် အဖမ်းဆီးခံရတဲ့ဖြစ်စဉ်မှာကြည့်မယ်ဆိုရင် တော့ မြန်မာကနေ တရားမဝင်လမ်းတွေကနေ အထောက်အထားမဲ့ရောက်လာတာက တရားမဝင်ကယ်ရီတွေနဲ့ ဖမ်းမိတာက ပိုများတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊
ဆင်းရဲမွဲတေမှု ပိုဆိုးလာတယ်။ အဓိက,က လူငယ်တွေရဲ့အနာဂတ်တွေ ပျောက်လာတာပေါ့။ လူငယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတာက တရားမဝင်လမ်းတွေကနေ ဝင်ရောက်လာတဲ့အခါမှာ အခုလိုပဲပေါ့။ အရင်တုန်းကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ အစုလိုက်အပြုံလိုက်ဖမ်းမိတယ်။ ကားကြီးထဲမှာဖမ်းမိတာ။ တောထဲမှာဖမ်းမိတာ။ ရာဘာတောမှာဖမ်းမိတာ။ နယ်စပ်ကနေ ထိုင်းကိုဖြတ်ဝင်ချိန် ကားပေါ်တက်ချိန်မှာ အစုလိုက်အပြုံလိုက်ဖမ်းမိတာ။ ကားပေါ်မှာအယောက် ၂၀၊ ၃၀၊ ၅၀ လောက်ဖမ်းမိတာ။ ပြွတ်သိတ်တင်လို့ဖမ်းမိတာ။ တောထဲမှာကားလာကြိုဖို့စောင့်နေတုန်း လူ ၁၀၀ လောက်ဖမ်းမိတာ၊ ၅၀ ကျော်ဖမ်းမိတာ၊ ပုံစံမျိုးစုံနဲ့ အစုလိုက်ဖမ်းဆီးခံရမှုက ဆက်တိုက်ဖြစ်လာတယ်။ ပုံစံမျိုးစုံနဲ့ ဖမ်းမိတာ ဆက်တိုက်ဖြစ်လာတယ်။ ယခင်ကထက် ပိုဆိုးလာတာပေါ့။"

မြန်မာကလူငယ်တွေဟာ အခုဆိုရင် စစ်မှုထမ်းဥပဒေထွက်အပြီး အတင်းအကြပ် စစ်သားစုဆောင်းဖို့လုပ်လာတဲ့အတွက်လည်း ပြည်ပနိုင်ငံတွေမှာ ရရာအလုပ်လုပ်ဖို့ လာကြသူတွေများလာသလို လူငယ်တွေအနေနဲ့ စာသင်ကြားနိုင်တာမရှိတော့ဘဲ အနာဂတ်ပျောက်သလိုဖြစ်လာရတယ်လို့လည်း ပြောပါတယ်။

"မြန်မာကနေ ထိုင်းထဲကိုခိုးဝင်ဖို့ကြိုးစားတဲ့လူငယ်တွေဟာ အနာဂတ်ပျောက်နေတဲ့အတွက် ပြည်ပမှာ ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်တွေလုပ်ဖို့အတွက် အတင်းတိုးဝှေ့ပြီး ဝင်လာနေကြတယ်။ ပိုက်ဆံတွေ အတင်းပေးပြီးဝင်လာကြတယ်။ တချို့ဆိုအလိမ်ခံရတယ်၊ရောက်သွားသူထက် အလိမ်ခံရသူကပိုများတယ်။ လူငယ်တွေရဲ့အနာဂတ်တွေက တဖြည်းဖြည်းနဲ့ပိုဆိုးလာတာပေါ့။"

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရဲတဘက်ကမ်း တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ်မှာလည်း မတ်လ ၁၉ ရက်နေ့က ကား ၃ စီးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၀ ဦးကို ဖမ်းထားတယ်လို့ ဖွတ်ဖရ ရဲစခန်းကသတင်းထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တပတ်အတွင်း လူ ၅၀၀ ထက်မနည်း ဖမ်းမိနေတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG