{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦးကိုသတ်ပြီး မြေမြှုပ်အလောင်းဖျောက်မှုနဲ့ပတ်သက်လို့ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆုန်ခလာခရိုင်တရားရုံးက မတ်လ ၃၁ ရက် သောကြာနေ့မှာ တရားသေလွှတ်ပေးလိုက်ပါတယ်။ ၁၀ လနီးပါးကြာ အဖမ်းဆီးခံခဲ့ရတဲ့ သူတို့ ၂ ဦးကို သက်သေမခိုင်မာတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ကြောင်း သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ရိုင်မြိုနယ်ထဲက ဘန့်ဖလူးနဲ့ ထုံးလုံနယ်စပ် မှာ ထိုင်းနိုင်ငံသားတဦး သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ တောအုပ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းမိခဲ့တာပါ။ ဒီထဲကမြန်မာနိုင်ငံသား ၂ ဦးကို လူသတ်မှုသံသယနဲ့ စွပ်စွဲပြီးဖမ်းဆီးခဲ့ပါတယ်။ ၁၀ လနီးပါးအချုပ်နှောင်ခံရပြီးတဲ့နောက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က ရှေ့နေနဲ့ အမှုလိုက်ခဲ့ရာမှာ မတ်လကုန်မှာသူတို့ကို အပြီးအပိုင်လွတ်မြောက်အောင် စီရင်ချက်ချခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က ဦးဘရီက အခုလိုပြောပြပါတယ်။
“၂၀၂၂ ခုနှစ် ၅ လပိုင်းကုန်ခါနီးမှာ ထုံလုံမြိုနယ်ထဲမှာ ထိုင်းလူမျိုးတယောက် အသတ်ခံရပြီးတဲ့နောက် မောင်အောင်ကိုဝင်းနဲ့မောင်စန်းအေး ၂ ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားပြီး ဆုံခလာခရိုင်တရားရုံးကနေ တရားသူကြီး ၇ ယောက်က သူတို့ကို အမှုစီရင်ချက်ချတဲ့အခါမှာ အောင်ကိုဝင်းနဲ့မောင်စန်းအေးတို့နှစ်ယာက်ကတော့ သက်သေမခိုင်လုံတဲ့အတွက် လူသတ်မှုကနေ အပြီးအပိုင်လွတ်မြောက်ကြောင်း စီရင်ချက်မှတ်ပါတယ်။”
အဲဒီတုန်းက သတ်ဖြတ်ခဲ့သူတွေ ထွက်ပြေးသွားတာကြောင့် သူတို့နဲ့အတူရှိခဲ့တဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီအမှုဟာ မတရားစွပ်စွဲခံရတာကြောင့် အလုပ်သမားတွေလွတ်မြောက်အောင် ရှေ့နေနဲ့ ပြင်ဆင်ပြီး လိုက်ပါဆောင်ရွက်ခဲ့ရတယ်လို့လည်း ဦးဘရီကပြောပါတယ်။
“တကယ်သတ်တဲ့သူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့သူတွေက ဖမ်းဆီးခံရတဲ့အတွက် ကျနော်တို့ကလည်း လိပ်ကျွန်းလူသတ်မှုလိုဖြစ်မှာစိုးလို့ဒီအမှုကို စိတ်ခွန်အားလူခွန်အားနဲ့ ရှေ့နေနဲ့ ပြင်ဆင်ပြီး လိုက်ပေးတဲ့အခါ အမှုက အနိုင်ရရှိသွားပါတယ်။”
အဲဒီလူသတ်မှုဖြစ်ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ ဆုံခလာပြည်နယ် တောအုပ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းမိခဲ့တာပါ။ ဒီနောက် ဘန့်ဖလူး ဘန့်ရိုင် ထုံးလုံ စတဲ့ဒေသတွေက တောအုပ်တလျှောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လိုက်လံဖမ်းဆီးခဲ့ရာမှာ လူ ၃၀၀ ကျော် ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်ရှင်။
Your browser doesn’t support HTML5
===============
{{Unicode}}