ထိုင်းအကျဉ်းထောင်တွေက လွတ်ရက်စေ့ မြန်မာ ၁၃၀ နေရပ်ပြန်ပို့

ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကတဆင့် ပြန်ပို့ပေးတဲ့ ထိုင်းနိုင်ငံအတွင်းအကျဥ်းထောင်အသီးသီးက လွတ်ရက်စေ့မြန်မာအလုပ်သမားများ။ (စက်တင်ဘာ ၇၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်းအာဏာပိုင်များ)

ထိုင်းနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာ ၁၃၀ ဦးကို ထိုင်းအာဏာပိုင် တွေကစက်တင်ဘာလ ၇ ရက်နေ့က နေရပ်ပြန်ပို့ ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာ ၁၃၀ ဦး ကို ထိုင်းအာဏာ ပိုင်တွေကစက်တင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်ပို့ပေးလိုက်ပါတယ်။ အခုပြန်ပို့လိုက်သူတွေဟာ ထိုင်းနိုင်ငံအနှံ့က ခရိုင်အသီးသီးမှာဖမ်းဆီးခံထားရပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေဖြစ်တယ်လို့ လည်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ (MWRC) တာဝန်ခံဦးမိုးဝေက အခုလို ပြောပါတယ်။

“များသောအားဖြင့်တော့ ရနောင်း၊ ကပီ၊ ဖန်င၊ ဖူးခက်၊ စူရတ်ဌာနီ၊ သရမ်၊ ဟတ်ရိုင်၊ နာရာသီ၀ စတဲ့ ခရိုင်အသီးသီးက အဖမ်းဆီးခံရသူတွေပါတယ်။ အရင်တုန်းက ထိုင်းဘတ်တွေလုပ်တဲ့အချိန်မှာ လက်မှတ်လုပ်ဖို့ မမှီတဲ့သူတွေလည်းပါတယ်။ တချို့ကတော့အောက်လမ်းကနေ ဝင်လို့အဖမ်းဆီးခံရသူတွေပါတယ်။”

အခုလိုမျိုး နေရပ်ပြန်ပို့တဲ့သူတွေကို ကော့သောင်းအခြေစိုက် ခလရ ၂၆၂ တပ်ရင်းမှာ တချို့ကို ထိန်းသိမ်း ထားပြီး ပိုက်ဆံနဲ့လာမရွေးတဲ့သူတွေကို စစ်မှုထမ်းခိုင်းနေတယ်လို့ ဒေသခံတဦးကတော့ အခုလို ပြောပါတယ်။

“မြိတ်ကိုပါသွားတဲ့အသုတ်က ကျနော်သိတဲ့အထဲမှာဆိုရင် ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုင်းကနေ ရနောင်းကနေ ကော့သောင်းကိုပို့တာက လူက ၁၅၂ ယောက် ဩဂုတ်လ ၇ ရက်နေ့မှာတသုတ် အားလုံးပေါင်း လူဦးရေ ၃၀၀ နီးပါးလောက်ရှိတဲ့အထဲက လူ ၇၀ လောက်ကတော့ စစ်မှုထမ်းဖို့ဆိုပြီး မြိတ်ဘက်ကိုပို့ခံရတယ်။”

ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လာသူတွေဟာ ငွေကြေးမတတ်နိုင်တဲ့အတွက် ပိုက်ဆံနဲ့ရွေးထုတ်ဖို့က မလွယ်ကူတဲ့အခြေအနေတွေဖြစ်နေတယ်လို့ မိသားစုဝင်တွေကလည်း ဆိုပါတယ်။ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့သူတွေကို ထိုင်းအာဏာပိုင်တွေက တလမှာ ၂ ကြိမ်ခန့် ပြန်ပို့ပေးလေ့ရှိပြီး မြန်မာဘက်က ဒေသဆိုင်ရာအာဏာပိုင်တွေက လက်ခံယူခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့်မဲဆောက်-မြ၀တီ၊ ရနောင်း-ကော့သောင်း၊ မဲဆိုင်-တာချီလိတ်လမ်းတွေကနေ ပြန်ပို့ပေးလေ့ရှိပါတယ်ရှင်။

Your browser doesn’t support HTML5

ထိုင်းအကျဉ်းထောင်တွေက လွတ်ရက်စေ့ မြန်မာ ၁၃၀ နေရပ်ပြန်ပို့