ထိုင်း အယုဒ္ဓယခရိုင်မှာ မြန်မာလုပ်သား ၂၆၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်သူတွေ ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အရ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေစစ်ဆေးနေစဥ်။ (စက်တင်ဘာ ၂၅၊ ၂၀၂၄/ ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ၊ အယုဒ္ဓခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်းစုန့်ကျေးရွာက ဆောက်လုပ်ရေးဆိုဒ်တခုမှာ အလုပ်လုပ်နေကြတဲ့မြန်မာအလုပ်သမား ၂၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မနေ့ကပဲ အစုလိုက်အပြုံလိုက်ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကိုဖမ်းဆီးတဲ့ ရက်ပေါင်း ၁၂၀ စီမံချက်အရ ရှောင်တခင် စစ်ဆေးနေတာမှာ ထိုင်းနိုင်ငံ၊ အယုဒ္ဓခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်းစုန့်ကျေးရွာရှိ ဆောက်လုပ်ရေးဆိုဒ်ထဲကနေ မြန်မာနိုင်ငံသား အလုပ်သမား ၂၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“အဲဒီလိုရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ တရုတ်ပိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုကနေ တရားမဝင်မြန်မာ၂၆၄ ယောက် ဖမ်းမိပါတယ်။ အဲဒီမှာအမျိုးသားက ၂၁၂ ယောက်၊ အမျိုးသမီးက ၅၂ ယောက်ပါဝင်တယ်။ သူတို့ကိုစစ်ဆေးတဲ့အခါမှာ သူတို့ဟာမြ၀တီ မဲဆောက်တောလမ်းကနေ လာကြကြောင်း၊ ပွဲစားကို ဘတ် ၂ သောင်းပေးပြီး ထိုင်းကိုဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းခွင်ကို ချက်ချင်းဝင်ပြီး အလုပ်ကြမ်းသမားက တနေ့ ဘတ် ၅၀၀ ရပြီးကျွမ်းကျင်သူက တနေ့ကို ဘတ် ၆၀၀ ထိရတယ်လို့ ပြောပါတယ်။ သူတို့တွေဟာမြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကိုကြောက်ရွံ့တဲ့အတွက် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ လာတယ်လို့ ထွက်ဆိုချက်ပေးပါတယ်။”

ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ ရက်ပေါင်း ၁၂၀ စီမံချက်အရ ဖမ်းဆီးစစ်ဆေးခံရသူ မြန်မာနိုင်ငံသား ၂ သိန်းနီးပါးထိရှိတယ်လို့လည်း ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“စစ်ဆေးတဲ့အခါမှာ မြန်မာက တသိန်းကိုးသောင်းကျော်နဲ့ အများဆုံးဖြစ်နေတယ်။ အဲဒီထဲက မြန်မာ ၁,၂၄၉ ဦးကိုတော့ အရေးယူမှာဖြစ်ပြီး နေရပ်ကိုပြန်ပို့မှာဖြစ်ပါတယ်။”

ဖမ်းဆီးခံရသူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ဥထိုင်မြို့နယ်ရုံးမှာပို့ဆောင်ထားပြီး စစ်ဆေးနေပါတယ်။ သူတို့ကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ပြီးတာနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသား ၆ သန်းနီးပါးရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတွေကပြောဆိုခဲ့ပြီး တရားဝင်အထောက်အထားလက်မှတ်လုပ်ထားသူကတော့ ၂ သန်း ၃ သိန်းကျော်ပဲရှိပါတယ်ရှင်။

Your browser doesn’t support HTML5

ထိုင်း အယုဒ္ဓယခရိုင်မှာ မြန်မာလုပ်သား ၂၆၀ ကျော်ဖမ်းဆီးခံရ