ထိုင်းစစ်အစိုးရအနေနဲ့ ဒီနှစ်အတွင်းရွေးကောက်ပွဲကျင်းပပေးဖို့ ဘန်ကောက်မြို့မှာ လူ ၃၀၀ လောက် ဒီကနေ့ ဆန္ဒပြကြပါတယ်။ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ စစ်အစိုးရက အရင်ကအကြိမ်ကြိမ် ကတိတွေပေးခဲ့သလို အခုနောက်ဆုံးမှာလည်း ဒီနှစ်နိုဝင်္ဘာမှာကျင်းပပေမယ့်လို့ ပြောထားပေမယ့် ထပ်မံရွှေ့ဆိုင်းတာကြောင့် ဘန်ကောက်မြို့က တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြခဲ့ကြတာပါ။
၂၀၁၄ ခုနှစ်က ဒီမိုကရေစီ အစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ ဝန်ကြီးချုပ် Prayuth Chan-ocha က အကြောင်းမျိုးစုံပြပြီး ရွေးကောက်ပွဲကျင်းပဖို့ရက်ကို တဖြည်းဖြည်း ရွှေ့ဆိုင်းလာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုကို သူအလည်သွားရောက်ပြီးနောက် ၂၀၁၈ နိုဝင်္ဘာမှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောပေမယ့် ၂၀၁၉ ဖေဖေါ်ဝါရီမတိုင်ခင်မှာ ပြီးဆုံးမှာ မဟုတ်ဘူးဆိုပြီးပရရွတ်က ပြောဆိုပြန်ပါတယ်။
စစ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တော့မယ်အချိန်မှာ စစ်ဗိုလ်ချုပ်ကနေ အစိုးရဝန်ကြီးတွေ ဖြစ်လာတဲ့ထိုင်းအစိုးရကို အခုရွေးကောက်ပွဲရွှေ့ဆိုင်းတာနဲ့ ပတ်သက်ပြီး လူထုအကြား မကြေနပ်မှု ပိုကြီးထွားလာပါတယ်။ ဒီကနေ့ဆန္ဒပြပွဲကို ကျောင်းသားတွေက စီစဉ်ကျင်းပတာဖြစ်ပြီး လူအရေအတွက် သိတ်မများလှပေမယ့်လည်း နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ ၅ ဦးထက်ပိုမစုရဘူးဆိုတဲ့ စစ်အစိုးရရဲ့ အမိန့်ကို ရှားရှားပါးပါး စိတ်ခေါ်အံတုလိုက်တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို လုံခြုံရေးရဲတွေက စောင့်ကြည့်ခဲ့ပေမယ့် ဝင်ရောက် ဟန့်တားနှောက်ယှက်တာမျိုးတော့ မရှိခဲ့ပါဘူး။
Your browser doesn’t support HTML5