ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲအပေါ် သုံးသပ်ချက် 

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတက်ရောက်မယ့် ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa

မြန်မာနိုင်ငံ့အရေး ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲဟာ ဒေသတွင်းနိုင်ငံတွေကြား တူညီတဲ့ချဉ်းကပ်မှုရှာဖို့ အစပျိုး ခြေလှမ်း ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံမှာ အစိုးရနဲ့ပတ်သက်တဲ့မူဝါဒတွေကို အကြံပေးလေ့ရှိတဲ့ ပညာရှင်တွေနဲ့ သုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ မဟာဗျူဟာ မူဝါဒရေးဆွဲရေးဌာန အကြီးအကဲက သုံးသပ်ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တခုအဖြစ် ထောက်ခံရေး လမ်းစရှာတာမျိုး လည်း ဖြစ်နိုင်တယ်လို့ ရှုမြင်ပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲဟာ Extended Informal Consultation အစည်းအဝေးလို့ နာမည်ပေးထားပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေတက်ရောက်မယ့်အကြောင်း ထိုင်းနိုင်ငံက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီး‌တွေ လည်း တက်ရောက်မယ့်အစည်းအဝေးဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက X လူမှု ကွန်ယက်မှာ ကြေညာထားတာပါ။

ဒီအစည်းအဝေးဟာ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည် ဖေါ်ရေး ဆွေးနွေးကြမယ်ဆိုပေမဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအို နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပါလိမ့်မယ်။ မြန်မာစစ်ကောင်စီကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ တက်ရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ ပတ်သက်တဲ့မူဝါဒတွေကို အကြံပေးလေ့ရှိတဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ မဟာဗျူဟာ မူဝါဒ ရေးဆွဲရေးဌာန အမှုဆောင်ဒါရိုက်တာ Mr. Pana Janviroj ကတော့ အစည်းအဝေးနဲ့ ပတ်သက်လို့ VOA ကို အခုလို ပြောပါတယ်။

“အကောင်းဘက်က တခုခုကို ပြန်စနိုင်ဖို့ ကျနော်တို့ အားလုံး မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံက အခု ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတော့ ဖြစ်လာနိုင်ခြေအပေါ်မှာ ပြင်ဆင်ထားဖို့လည်း ဖြစ်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက ဒီရွေးကောက်ပွဲကို ဘယ်လို ထောက်ပံ့ပေးမလဲဆိုတာ အဖြေရှာဖို့ ပထမ ဉီးတည်ချက် ဖြစ်ပါတယ်။

...ဒုတိယကတော့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ ဘုံသဘောတူညီချက် ရှာဖို့ ဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးမှာ အိန္ဒိယကတမျိုး၊ တရုတ်ကတမျိုး၊ အာဆီယံက တမျိုး ချဉ်းကပ်ပုံတွေ မတူကြတဲ့အတွက် ကွဲလွဲချက်တွေ ရှိနေပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် သိပ်ပြီး ထူးထူးခြားခြား ရလဒ်ကောင်းတွေ ထွက်မယ်လို့ ကျနော် မမျှော်လင့်ပါဘူး။ ဒါပေမဲ့ အနည်းဆုံး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်သဘောထားတွေတော့ အနည်းဆုံး ထွက်လာနိုင်ပါတယ်။

...ရွေးကောက်ပွဲမှာ တော်တော်များများပါဝင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်ကိုက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ဒီရွေးကောက်ပွဲ ဘယ်လို ဆက် ကျင်းပ မလဲဆိုတာလည်း အတိအကျ သိဖို့ ခက်နေပါတယ်။ ဒါပေမဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကနေ တခုခုတော့ ပြောင်းလဲရမယ်။ စလုပ်ရမယ်ဆိုတဲ့ သဘောထားက တရုတ်နိုင်ငံရဲ့ သဘောထား ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်က လူအများရဲ့ လိုအပ်ချက်ကို ကိုယ်စားပြုတာ မပြုတာထား အနေအထားတခုကို ပြောင်းသွားနိုင်တယ်ဆိုတဲ့ အမြင်တွေအပေါ်မှာ သဘောတူကြတာတွေလည်း တွေ့နေရပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲအပေါ် သုံးသပ်ချက် 

...ဒီဇင်ဘာလ ၁၆ ရက်နေ့ကပဲ ထိုင်းနိုင်ငံ မဟာဗျူဟာ မူဝါဒရေးဆွဲရေးဌာနက ထိုင်းအစိုးရအနေနဲ့ မြန်မာ့အရေး တက်တက်ကြွကြွချဉ်းကပ်သင့်တဲ့မူဝဒါတွေနဲ့ပတ်သက်လို့ ထိုင်း-မြန်မာ ဆက်ဆံရေး အပြောင်းအလဲ လမ်းဆုံလမ်းခွတွေကိုရောက်နေတဲ့ အခြေအနေဆိုပြီး Myanmar and Thailand Relations at the Crossroads ဆိုတဲ့ စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါတယ်။

...မြန်မာနိုင်ငံအကြပ်အတည်းနဲ့ပဋိပက္ခက ထိုင်းရဲ့ လုံခြုံရေး၊ ကုန်သွယ်ရေး အစစ ထိခိုက်လာတဲ့အတွက် ထိုင်းအစိုးရ ဦးဆောင်ဦးရွက် တက်တက်ကြွကြွ လုပ်ဆောင်သင့်တာတွေကို အကြံပြုထားတာ ဖြစ်ပါတယ်။

....ပထမ လုပ်ဆောင်သင့်တယ်ဆိုပြီး ထိုင်းအစိုးရကိုအကြံပေးတာက ထိုင်းအစိုးရအနေနဲ့ လုံခြုံရေးတိုးမြှင့်ဖို့ပါ။ နယ်ခြားမှာ တရားမဝင်လုပ်ရပ်တွေ၊ ဘိန်းမှောင်ခိုလို၊ အွန်လိုင်းငွေကြေးလိမ်ညာတာတွေ၊ နှိမ်နှင်းဖို့ တပ်ဖွဲ့တွေ တိုးချဖို့၊ နယ်စပ်ဒေသက သိပ်ကို ကျယ်ပြန့်တဲ့အတွက် ထိုင်းစစ်တပ်အနေနဲ့လည်း နည်းပညာတွေ၊ အဝေးထိန်း ဒရုန်းတွေသုံးပြီး စောင့်ကြည့်ဖို့ ဆွေးနွေးနေပြီး ဒါကို အကြံပေးထားတာပါ။ စီးပွားရေးနဲ့ ပတ်သက်လို့၊ ကုန်သွယ်ရေးမှာ မကြာခဏ ပြတ်တောက်တာတွေရှိတဲ့အတွက် ရန်ကုန်အထိ ကုန်သွယ်ရေးမှာ ဘေးကင်းကင်းနဲ့ ပို့နိုင်တဲ့၊ စရိတ်စကလည်း ပေးသင့်သလောက်ပဲပေးရတဲ့ ကုန်သွယ်ရေးလမ်း ဖွင့်ထားနိုင်ဖို့ ဖြစ်ပါတယ်။ ရနောင်း ဆိပ်ကမ်းကနေ ရန်ကုန်ကို ကုန်တွေတိုက်ရိုက်ပေးပို့နိုင်အောင် လုပ်ကိုင်ဖို့ပါ။ ..တတိယကတော့ လူသားချင်း စာနာမှုအကူအညီပေးတဲ့အခါ အာဆီယံရဲ့ ထောက်ခံမှုနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ပြီး လုပ်ကိုင်ဖို့ပါ။ ...စတုထ္ထအချက်ကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်” လို့ Mr. Pana Janviroj က ပြောသွားတာပါ။

အခုလို ထိုင်းအစိုးရကို အဆိုပြုတဲ့အထဲမှာ ထိုင်းနိုင်ငံက ပညာရှင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကြံပြုချက်သာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေက အစိုးရကို သီးသန့်ပေးတဲ့ မူဝါဒရေးရာ အဆိုပြုချက်ဖြစ်တယ်လို့ Mr. Pana Janviroj က ပြောပါတယ်။ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ပါဝင်မှု မရှိပါဘူး။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲအပေါ် သုံးသပ်ချက်