သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပြောင်းလဲချဥ်းကပ်ဖို့ အာဆီယံ သတ္တိရှိဖို့လိုနေ


လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းဗဟိုစင်တာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်က ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ (UN) ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာစစ်ကောင်စီ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး။ REUTERS/Athit Perawongmetha/File Photo
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းဗဟိုစင်တာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်က ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ (UN) ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာစစ်ကောင်စီ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး။ REUTERS/Athit Perawongmetha/File Photo

အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်အားလုံး ဆုံးဖြတ်တဲ့ လုပ်ငန်းစဥ်က ရှေ့မရောက်လို့ သက်ဆိုင်တဲ့ နိုင်ငံတချို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတဦးက ထောက်ပြလိုက်ပါတယ်။  

အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ စစ်ကောင်စီက ကိုယ်စားလှယ်စေလွှတ်တာက သူတို့ ဘယ်လောက်တောင် အပူတပြင်း အရေးမလှ ဖြစ်နေတယ်ဆိုတာကို ပြသတာလို့ အာဆီယံအရေးကျွမ်းကျင်သူ ဒေသတွင်း သုတေသီတဦးက ထောက်ပြလိုက်ပါတယ်။ တဘက်မှာလည်း အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင် နိုင်ငံအားလုံး သဘောတူဆုံးဖြတ်တဲ့လုပ်ငန်းစဥ်က ရှေ့မရောက်လို့ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ သူက ဆိုပါတယ်။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ အခြေစိုက် လွတ်လပ်တဲ့ သုတေသန ပညာရှင် အဖွဲ့ တခု ဖြစ်တဲ့ Lowy Institute က အရှေ့တောင်အာရှရေးရာ အထူးပြုလေ့လာနေသူ သုတေသီ ဒေါက်တာ Abdul Rahman Yaacob ကို ကိုငြိမ်းချမ်းအေးက ဆက်သွယ် မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း)။ ။အာဆီယံ ထိပ်သီး အစည်းအဝေးကာလမှာ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း အစရှိသလို နိုင်ငံအတော်များများက မြန်မာ့အရေး ပြောကြပါတယ်။ ဒီအာဆီယံ ထိပ်သီးအစည်းအဝေးက တဆင့် မြန်မာ့ အကျပ်အတည်း အတွက် သံတမန်ရေးအရ အောင်မြင်မှုတွေဆီကို အမှန်တကယ် တိုးတက်မှု ရှိလာနိုင်တယ်လို့ ထင်ပါသလား။

ဒေါက်တာ Abdul Rahman Yaacob (Lowy Institute)။ ။ ဝမ်းနည်းစရာပါ။ အာဆီယံ ထိပ်သီး စည်းဝေးပွဲက အမှန်တကယ် တိုးတက်မှုတွေ ဖြစ်လာနိုင်တယ်လို့ မထင်ပါဘူး။ အာဆီယံရဲ့ အဓိကချဉ်းကပ်ပုံက ဘုံသဘောတူညီချက် (၅) ချက်ကိုပဲ အခြေခံနေပါသေးတယ်။ ဒါကို မြန်မာ အာဏာသိမ်း စစ်တပ်က မလိုက်နာဘဲ ဖီဆန်နေတာကြောင့် ကြီးကြီးမားမား အောင်မြင်မှုမျိုး ရှိလာလိမ့်မယ်လို့ မထင်ပါဘူး။

တဘက်မှာတော့ ဘာကို မျှော်ကြည့်နိုင်မလဲ ဆိုရင် မလေးရှားနိုင်ငံက လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမယ့် အချိန်ပါ။ ဘာကြောင့်လဲ ဆိုတော့ မလေးရှားကို ကြည့်ရင် သူက ရိုဟင်ဂျာ ဒုက္ခသည် အများအပြားကို အိမ်ရှင်အဖြစ် လက်ခံပေးထားရတဲ့ နိုင်ငံတခုပါ။

မလေးရှားမှာ မြန်မာ့အကျပ်အတည်းအတွက် အဖြေ ရှာလိုတဲ့ စိတ်ဝင်စားမှုနဲ့ သူ့ အကျိုးစီးပွား ကောင်းကောင်းရှိပါတယ်။ ကျနော် နားလည်သလောက်ပြောရရင် မလေးရှားရဲ့ အန်နဝါ အီဘရာဟင် အစိုးရအနေနဲ့ မြန်မာ့ အရေး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်း ရှာဖို့ စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ မလေးရှားဟာ အာဆီယံ ဥက္ကဌ အဖြစ် မြန်မာ့ အရေး အတွက် ပိုပြီး လုပ်ဆောင်လာမယ့် ခြေလှမ်းတွေ မြင်ရအောင် မြင်ရနိုင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း)။ ။ ဆိုတော့ အာဆီယံရဲ့ ချဥ်းကပ်ပုံကရော ဘယ်လို ရှိမလဲ ခင်ဗျာ။

ဒေါက်တာ Abdul Rahman Yaacob (Lowy Institute)။ ။ အာဆီယံ တခုလုံးအနေနဲ့ သူ့ရဲ့ ချဉ်းကပ်မှုကို ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ပထမ တခုက ဘုံသဘောတူညီချက် (၅) ချက်က အလုပ်မဖြစ်ဘူး ဆိုတာနဲ့ ဒုတိယအချက်က မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံက သူတို့ဟာ မြန်မာ့အရေး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ ချန်လှပ်ထားခံရတယ်လို့ ခံစားနေရတာပါ။ အာဆီယံက လက်ရှိ၊ အရင်နဲ့ နောက်လာမယ့် ကပ်လျက် အလှည့်ကျ ဥက္ကဋ္ဌတွေပါ၀င်တဲ့ 'Troika' သုံးပွင့်ဆိုင် ယန္တရား တရပ်ကို ထူထောင်ထားပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာ အာဏာသိမ်း စစ်တပ်ကို ထိတွေ့ဆက်ဆံပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က လက်တွဲဆောင်ရွက်နေပါတယ်။

ဒါပေမယ့် ဒါဆို ထိုင်းနိုင်ငံကရဲ့ အခန်းကဏ္ဍက ဘယ်မှာလဲ ဆိုပြီး ပြောစရာ ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံဥ မူဝါဒချမှတ်သူတချို့က ကျနော့်ကို အမြဲ မေးတဲ့ မေးခွန်းက အဲ့ဒါပါပဲ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် အရှည်ကြီး ဆက်စပ်နေပေမယ့် သူတို့ရဲ့ အမြင်ကို ထည့်သွင်းစဉ်းစားခြင်း မပြုတာကို မေးခွန်းထုတ်ကြပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ သူ့ရဲ့ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲဖို့ လိုမယ်ထင်ပါတယ်။ နောက်ပြီးတော့ သက်ဆိုင်တဲ့ အစုအဖွဲ့ နိုင်ငံတွေ ချဉ်းကပ်နည်းကို ချမှတ်သင့်ပါတယ်။ ဒါက ဘယ်လို အဓိပ္ပာယ် ဆောင်လဲ ဆိုတော့ မြန်မာနိုင်ငံကိစ္စမှာ အများသဘောတူ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို မကိုင်ဆွဲသင့်တော့ဘူးလို့ ဆိုလိုတာပါ။

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ အမှန်တကယ် စိတ်ပါဝင်စားပြီး ဆက်စပ်နေတဲ့ နိုင်ငံတွေ ပါဝင်တဲ့ သေးငယ်တဲ့ အသိုက်အဝန်း တခုကို ဖွဲ့စည်းသင့်ပါတယ်။ အဲ့ထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်ရပါမယ်။ ဒါက အာဆီယံ ၁၀ နိုင်ငံ လုံး ပါဝင်ပြီး အားလုံး သဘောတူ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေထက် အများကြီး ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တချို့နိုင်ငံတွေက မြန်မာ့အရေးကို လုံးဝ စိတ်ဝင်စားမှု မရှိလို့ပါ။

နိုင်ငံတကာအကျပ်အတည်းတွေကြား အာဆီယံနဲ့မြန်မာ့အရေး
please wait

No media source currently available

0:00 0:07:42 0:00


ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ အခု ဒီထိပ်သီးအစည်းအဝေးရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဒီနှစ်မှာ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်ပိုင်း အရာရှိတဦး တက်ရောက်လာမှုပါ။ တဘက်မှာလည်း တချို့က ဒါကို စိုးရိမ်မှုနဲ့ မေးခွန်းတွေ ရှိကြပါတယ်။ ဒီအချက်က အာဆီယံက အာဏာသိမ်း စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်နေတဲ့ ခြေလှမ်းလို့ ထင်ပါသလား။ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုတွေ ပို ပြုလုပ်ဖို့ စစ်တပ်ကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် ခြေလှမ်းလား။

ဒေါက်တာ Abdul Rahman Yaacob (Lowy Institute)။ ။ ဟုတ်ပါတယ်။ တဘက်က ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ အပူတပြင်း ဖြစ်လာနေတာကို သက်သေပြနေတာပါ။ သေသေချာချာ ပြန်ကြည့်ရင် အာဆီယံအဖွဲ့က ထိပ်သီးအစည်းအဝေးမှာ စစ်အစိုးရ ပါ၀င်ခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုပါတယ်။

ဒါကို စစ်တပ်ဘက်ကသာ ငြင်းဆိုခဲ့တာပါ။ ဒါကြောင့် (၃) နှစ်ကြာပြီးတဲ့နောက်မှာမှ စစ်အစိုးရက အာဆီယံ ထိပ်သီးအစည်းအဝေးကို ကိုယ်စားလှယ်တဦး စေလွှတ်လိုက်တာဟာ သူတို့ ဘယ်လောက်ထိ အရေးတကြီး နိုင်နေပြီလဲ ဆိုတာကို ပြသနေပါတယ်။ စစ်မြေပြင်မှာ သူတို့ ရှုံးနေပါတယ်။ ဒါကြောင့် သံတမန်ရေးရာမှာ သူတို့ တခုခုလုပ်ပြရပါမယ်။

အခန်းအပြင်မှာနေပြီး ကျန်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကိုယ့် အသံ ထုတ်ဖော်ခွင့် မရ ဖြစ်နေတာထက် အခန်းထဲမှာ ရှိနေရတာ ပိုကောင်းမယ်လို့ ယူဆလာတယ်လို့ ထင်ပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာပါ။ ဒါက စစ်တပ် ဘယ်လောက်ထိ ဆောက်တည်ရာ မရ ဖြစ်နေတာကို ပြသပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးကိုယ်စားမပြုတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဆက်ထားရှိခြင်းအားဖြင့် ခုခံတော်လှန်ရေး အင်အားစုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အာဏာလွှဲပြောင်းပေးပြီး အသွင်ကူးပြောင်းဖို့ အာဆီယံအနေနဲ့ မြန်မာ အာဏာသိမ်း စစ်အစိုးရကို ပို သြဇာလွှမ်းမိုး နားချနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဒါဆို ဒီထိပ်သီးအစည်းအဝေးက သက်ဆိုင်ရာ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တွန်းအားပေးမယ့် နေရာကောင်းတခု ဖြစ်နိုင်ပါသလား။

Dr Abdul Rahman Yaacob (Lowy Institute)။ ။ ဟုတ်တယ်၊ ဒီသဘောကို ပြန်ကြည့်ရရင် အခုထက်ထိ မြန်မာနိုင်ငံတွင်းက မတူညီတဲ့ အစုအဖွဲ့တွေ အချင်းချင်း တွေ့ဆုံ ဆွေးနွေးတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားက တော်လှန်ရေး အင်အားစုတွေကို ထိတွေ့ဆက်ဆံလာတာက မတူကွဲပြားဖြစ်နေတဲ့ အစုအဖွဲ့တွေကြား အလွတ်သဘောတွေ့ဆုံပွဲ ဖြစ်လာနိုင်ဖို့ လာမယ့် အာဆီယံဥက္ကဋ္ဌအတွက် လမ်းဖွင့်ပေးလိုက်တာပါ။

ဒီနှစ်အစောပိုင်းက အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က အစိုးရအဖွဲ့ဝင်တွေနဲ့ ကျနော် စကားပြောကြည့်တုန်းက သူတို့က တော်လှန်ရေး အင်အားစုတွေ တွေနဲ့ ထိတွေ့ဖို့ အတော်လေး တွန့်ဆုတ်ကြောင်း ပြောပါတယ်။ ခင်ဗျား သိတဲ့ အတိုင်းပဲ အာဆီယံက (ပြည်တွင်းရေးကို) ဝင်ရောက်မစွက်ဖက်ရေး မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ။ ဒီ ရပ်တည်ချက်အရ ကြည့်ရင် အတိုက်အခံ အင်အားစုကို ထိတွေ့ ဆက်ဆံ တာက မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်တာလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ သူတို့အတွက် အတော့်ကို ကြီးမားတဲ့ ချဉ်းကပ်မှုလို့ ကျနော် ထင်ပါတယ်။

ဒါကြောင့် အင်ဒိုနီးရှားက အတိုက်အခံကို သံတမန်အဆင့် ထိတွေ့ဆက်ဆံလာပြီဆိုတော့ နောင်လာမယ့် (အာဆီယံ ဥက္ကဋ္ဌ) မလေးရှားကလည်း ဒီလမ်းကြောင်း အတိုင်း လိုက်လုပ်နိုင်ပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ အာဏာသိမ်း စစ်တပ်ကို ထိတွေ့ဆက်ဆံပြီး အလွတ်သဘောတွေ့ဆုံမှု ဖြစ်လာအောင် လုပ်ပြီး အကျပ်အတည်း အတွက် အဖြေရှာရေး လမ်းစဥ်ကို ချမှတ်နိုင်ပါတယ်။ ဒါက သိပ် မြန်မြန်ဆန်ဆန်နဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ အတော့်ကို ရှည်ကြာမယ့် လုပ်ငန်းစဉ်ဖြစ်ပေမယ့် အာဆီယံအဖွဲ့မှာ အရင်က ဒီလို အတွေ့အကြုံမျိုး ရှိခဲ့ဖူးတယ်။ ၁၉၈၀ ခုနှစ်နှောင်းပိုင်း ၁၉၉၀ ခုနှစ်အစောပိုင်းတုန်းက ကမ္ဘောဒီးယားအကျပ်အတည်း၊ ပြည်တွင်းစစ်ကာလတုန်းကပါ။ အဲဒီအချိန်တုန်းက အင်ဒိုနီးရှား ဦးဆောင်တဲ့ အာဆီယံက သူပုန်တပ်တွေနဲ့ ဖနွမ်းပင် အစိုးရကို အချင်းချင်း အလွတ်သဘော ဆွေးနွေးဖို့ ကူညီပေးခဲ့တယ်။ အဲဒီ လုပ်ဆောင်ချက် တစိတ်တပိုင်းအဖြစ် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် တရပ် ရယူနိုင်ခဲ့ပြီး ကမ္ဘောဒီးယား ပဋိပက္ခကို ချုပ်ငြိမ်းစေခဲ့တယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေမြန်မာပိုင်း)။ ။ ဒီတော့ ရှေ့လာမယ့် ဖြစ်စဥ်တွေက မလေးရှားအပေါ်မှာ မူတည်နေတယ် ဆိုရမှာပေါ့။ ဒေါက်တာ Rahman Yaacob (ယာကုပ်) ထောက်ပြသလိုပဲ သူတို့မှာကလည်း ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြောင့် ပါဝင်ပတ်သက်ဖို့ အကြောင်းက ရှိ‌ပါတယ်။ ဒီတော့ မလေးရှားက မြန်မာ့အရေးမှာ ဘယ်လိုရပ်တည်သလဲ။ အာဏာသိမ်း စစ်တပ်နဲ့ ဘယ်လို ဆက်ဆံရေးရှိလဲဗျ။

Dr Abdul Rahman Yaacob (Lowy Institute)။ ။ ကျနော့်ရဲ့ သတင်းရင်းမြစ်တွေအရ၊ ကျနော် နားလည်ထားသလောက် ပြေရမယ်ဆိုရင် မလေးရှားက အရင်က သူတို့ကို ဝေဖန်ခဲ့တဲ့အတွက်ကြောင့် မလေးရှားကို စစ်အစိုးရက မကြိုက်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အခုကတော့ မလေးရှားက အာဆီယံဥက္ကဋ္ဌ နိုင်ငံဖြစ်လာမှာဆိုတော့ မြန်မာ စစ်အစိုးရအနေနဲ့ မလေးရှားနဲ့ လက်တွဲလုပ်ရမယ်လို့ ကျနော်ထင်ပါတယ်။ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ မလေးရှားဟာ စစ်အစိုးရရော၊ ခုခံတော်လှန်ရေး အတိုက်အခံတွေ ရောနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုမိုရရှိလာဖို့ ကျနော်တို့ မျှော်လင့်ရပါတယ်။

ကျနော် နားလည်းထားသလောက်ကတော့ ဒီအချိန်မှာ မလေးရှားဟာ မြန်မာ့အရေးမှာ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အကျပ်အတည်းကနေ လွတ်မြောက်ရေး နည်းလမ်းရှာဖို့ တကယ့်ကို စိတ်အားထက်သန်နေကြပါတယ်။ လာအိုထက် ပိုတက်ကြွမယ်လို့ ထင်ပါတယ်။ တဘက်က လာအို အနေအထားကို မျှတအောင် ပြောရရင်လည်း လာအိုက နိုင်ငံငယ်လေးပါ။ အရင်းအမြစ်တွေလည်း အများကြီးမရှိပါဘူး။

တခြား တဘက်မှာတော့ မလေးရှားက စီးပွားရေးအရ ပိုပြီး ဖွံ့ဖြိုးတိုးတက်ပါတယ်။ သံတမန်ရေးရာ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းနဲ့ အင်အားရှိပါတယ်။ ပြီးတော့ သူက အာဆီယံကို စတင် တည်ထောက်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲက တခုပါ။ ဒါကြောင့် မြန်မာ့အရေးမှာ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ သင့်တော်တဲ့ နည်းလမ်းကို ရှာတွေ့နိုင်ပါလိမ့်မယ်။


ငြိမ်းချမ်းအေး (ဗွီအိုအေမြန်မာပိုင်း)။ ။ ဆိုတော့ ရှေ့လာမယ့် အနာဂတ် မြန်မာနိုင်ငံ ပဋိပက္ခမှာ အာဆီယံရဲ့ အခန်းကဏ္ဍက ဘယ်လိုဆက်ရှိနေမလဲဗျာ။

ဒေါက်တာ Abdul Rahman Yaacob (Lowy Institute)။ ။ မြန်မာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းသစ်တရပ်ကို အာဆီယံ အမှန်တကယ်ကြေညာနိုင်ဖို့ မျှော်လင့်ပါတယ်၊။ ဒုတိယအနေနဲ့ကတော့ အာဆီယံအနေနဲ့ စစ်အစိုးရကို ကိုင်တွယ်ရာမှာ မြန်မာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အမှန်တကယ် စိတ်ပါဝင်စားတဲ့နိုင်ငံတွေ ပါဝင်တဲ့ အသေးစား အဖွဲ့ငယ်တွေဖွဲ့ပြီး ချဥ်းကပ်ပုံနည်းနာနဲ့ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်တယ်လို့ ကျနော်ထင်ပါတယ်။ အာဆီယံနိုင်ငံတချို့နဲ့ ထိတွေ့ဆက်ဆံရတဲ့ ကျနော်ရဲ့ အတွေ့အကြုံအရ ပြောရရင် မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး မြန်မာ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်အားထက်သန်မှု မရှိကြပါဘူး။ အဲ့ဒီလိုမျိုး နိုင်ငံတွေက မြန်မာ့ အရေးကြောင့် တိုက်ရိုက်သက်ရောက်မှု မရှိကြပါဘူး။

ထိုင်းဆိုရင်တော့ မြန်မာနဲ့ ကပ်လျက်တည်ရှိနေတာကြောင့် အာဆီယံရဲ့ အဓိက ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ထိုင်းနိုင်ငံ ပါဝင်ဖို့ အလွန်အရေးကြီးပါတယ်။

ဒါမှသာ အာဆီယံ အဖွဲ့အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကွဲကွဲအပြားပြား ဖြစ်နေတာတွေ ကင်းဝေးစေမှာပါ။ ခင်ဗျား ပြောခဲ့သလိုပဲ လာအိုမှာက ချဉ်းကပ်မှုတခု၊ ကမ္ဘောဒီးယားမှာက နောက်တခု၊ အခု အင်ဒိုနီးရှားကလည်း အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ် ဆိုတော့ မြန်မာ့အရေးမှာ အာဆီယံ အတွင်းမှာကို မတူကွဲပြားတဲ့ အစုအဖွဲ့တွေက မတူညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေကြပါတယ်။

ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးညီညွတ်မှု မရှိတာနဲ့ မညီညွတ်မှုကို ပုံပေါ်စေပါတယ်၊ အဲဒီလို ဖြစ်နေတယ်ဆိုတာ အချက်ပြနေပါတယ်။ အာဆီယံအနေနဲ့ ဒီအချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဒါပေမယ့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ သေးငယ်တဲ့ အစုအဖွဲ့ ခွဲပြီး လုပ်တဲ့ နည်းလမ်းကို သိပ်ပြီး သဘောမကျဘူး ထင်ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးပါပြီး သဘောတူညီမှုရယူ၊ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကိုပဲ သူတို့ လိုလားနေတုန်းပါပဲ။ ဒါပေမယ့် စဥ်းစားကြည့်ပါ၊ ပါဝင်တဲ့ နိုင်ငံ အစုအဖွဲ့က ပိုကြီးလေ၊ မတူညီတဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဥ်းစားရလို့ ရှေ့ကို ဆက်နိုင်ဖို့က ပိုနှေးလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ သူ့ရဲ့ လုပ်ငန်းစဥ်ကို ပြောင်းလဲဖို့ သတ္တိရှိဖို့ လိုပါတယ်။

XS
SM
MD
LG