Amnesty International ကို နိုင်ငံကနှင်ထုတ်ဖို့ ထိုင်းပြင်ဆင်

  • ဗွီအိုအေမြန်မာဌာန

AMNESTY INTERNATIONAL logo

(Zawgyi / Unicode)

Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကို ထိုင်းနိုင်ငံကနေ နှင်ထုတ်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။

AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဟာ ထိုင်းနိုင်ငံလုံခြုံရေးကို ထိပါးနေပြီလို့ ထိုင်းဘုရင်စနစ် ထောက်ခံသူတွေက စွပ်စွဲခဲ့တဲ့နောက် ဒီအဖွဲ့ကို ရှေ့အပတ်ထဲ အခုလို နှင်ထုတ်ဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး Seksako Atthawong က ပြောလိုက်တာပါ။

AI လူ့အခွင့်အရေးအဖွဲ့ကို တိုင်းပြည်ကနှင်ထုတ်ဖို့ ဆန့်ကျင်တောင်းဆိုစာထဲမှာ လူပေါင်း ၁ ဒသမ ၂ သန်းအထိ လက်မှတ်ထိုးထားပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တပတ်အတွင်း ဆက်တင်ပြသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့ရုံး ဒုဝန်ကြီး Seksako က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အထွတ်အမြတ်ထားတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲတာတွေ ရပ်တန့်ပေးဖို့ AI လို့ အတိုကောက်ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုနေတယ်လို့ ထိုင်းဘုရင်စနစ်ကို ပြင်းပြင်းထန်ထန် ထောက်ခံသူတွေက အကြောင်းပြပါတယ်။

AI အဖွဲ့အနေနဲ့ ထိုင်းဘုရင်စနစ် ဖျက်လိုဖျက်ဆီး လုပ်သူတွေဘက်ကို ထောက်ခံတာကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဒုဝန်ကြီး Seksako ကလည်း ပြောပါတယ်။

ဒါ့အပြင် ဒီ နိုင်ငံတကာ အဖွဲ့အစည်း အနေနဲ့ သမာသမတ် ကြားက မနေတော့ဘဲ အစိုးရဆန့်ကျင်ရေးဘက်ကို ပါသွားတာကြောင့်လည်း ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်ရာ ရောက်တယ်လို့ပါ သူက ဆက် စွပ်စွဲခဲ့ပါတယ်။

Your browser doesn’t support HTML5

Amnesty International ကို နိုင်ငံကနှင်ထုတ်ဖို့ ထိုင်းပြင်ဆင်

-------------------------

(Unicode)






