တပတ်အတွင်း မြန်မာ့အရေး ဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပဖို့ ထိုင်းအစိုးရစီစဉ်

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရဲ့ မလေးရှားခရီးစဥ်။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် အခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပသွားဖို့စီစဉ်ထားပြီး အနည်းဆုံး ဆွေးနွေးပွဲတခုမှာတော့ စစ်ကောင်စီကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကလည်း မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲ ပြန်ပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေကြောင်း ပြောပါတယ်။

ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ဆွေးနွေး ညှိနှိုင်းတဲ့ စည်းဝေးပွဲ ၂ ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့မှာ ကျင်းပမယ့် နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေးဆိုင်ရာ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့နှောင်းပိုင်းမှာပဲ သတင်းထောက်တွေကို ပြောပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။

ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့မှာကျင်းပမယ့် ဆွေးနွေးပွဲကတော့ - မြန်မာ့အရေး စိတ်ပါဝင်စားကြတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲဖြစ်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်အပါအဝင် မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ ပြေလည်ရေး နည်းလမ်းရှာဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

Your browser doesn’t support HTML5

တပတ်အတွင်း မြန်မာ့အရေး ဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပဖို့ ထိုင်းအစိုးရစီစဉ်