မြန်မာစစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆက်လက်ဖိအားပေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်က လုံခြုံရေးကောင်စီ မှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်နိုင်ငံကနေ ဦးစီးပြီးတော့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လတာ ကာလအတွင်း အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အမြင့်မားဆုံးအဆင့်ရောက်နေပြီး မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ပိုပြီးဆိုးရွားလာနေတာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ တံခါးပိတ်အစည်းအဝေးပြုလုပ်ရတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က အစည်းအဝေးမတိုင်ခင်မှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။
" အစည်းအဝေးမှာ ကျမတို့ အာရုံစိုက် ဆွေးနွေးမှာက အရပ်သားတွေကို အကာအကွယ်ပေးရေးဖြစ်ပါတယ်။ သြဂုတ်လကနေ အောက်တိုဘာလ နှစ်လအတွင်း မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းပြီးနောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကစပြီး ဖောက်ခွဲရေးပစ္စည်းတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ လက်နက်ကြီး ကျည်တွေကို စစ်တပ်က ပိုမိုအသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်ခဲ့ပါတယ်။"
ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချကြောင်း ဗြိတိန်သံအမတ်ကြီး Barbara Woodward ကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ နိုင်ငံရဲ့ လူဦးရေသုံးပုံတပုံကျော်ဟာ အသက်ရှင်ရပ်တည်ဖို့အတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး ဒီ အခြေအနေတွေအတွက် စစ်ကောင်စီအနေနဲ့ တာ၀န်ခံရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
"ရခိုင်ပြည်နယ်မှာ အငတ်ဘေး ကြုံတော့မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က သတိပေးထားပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုအကူအညီတွေကို စစ်တပ်က ပိတ်ပင်ထားဆဲဖြစ်သလို ပြည်သူတွေအတွက် ကာကွယ်ဆေးတွေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ အပါအ၀င် အခြေခံ၀န်ဆောင်မှုတွေကိုလည်း စစ်တပ်က မပေးပါဘူး။ ရလဒ်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလဝမ်းရောဂါ ပျံ့ပွားမှုနဲ့ အခြားကာကွယ်နိုင်တဲ့ ရောဂါတွေကို ကုသခွင့်မရပဲ လူတွေ သေကြေနေရပါတယ်။ ဒီဖြစ်ရပ်တွေကိုကြည့်ရင် စစ်တပ်မှာ တာ၀န်ရှိနေပါတယ်။"
ဒါအပြင်လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆောင်ရွက်ချက်တွေအပေါ် အဖွဲ့၀င်တချို့ရဲ့ တားမြစ်ဟန့်တားမှုတွေကြောင့် အချိန်တွေနှောင့်နှေးကြန့်ကြာနေရတဲ့အခြေအနေကိုလည်း သံအမတ်ကြီး Woodward ကအခုလိုပြောသွားပါတယ်။
" မြန်မာ့အရေး လုံခြုံရေးကောင်စီအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ အချိန် နောက်ကျနေပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အရပ်သားတွေအပေါ်အကြမ်းဖက်မှု ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် လက်နက်နဲ့ လောင်စာတွေ ထောက်ပံ့မှု ရပ်တန့်ဖို့ စတာတွေ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို စက်တင်ဘာလ ကတည်းက မိတ်ဆက်ထားတာဖြစ်ပါတယ်။"
မြန်မာ့အရေးမှာ ကန့်ကွက်နေတဲ့ အနည်းစု အဖွဲ့၀င်နိုင်ငံတချို့ကို ပူးပေါင်းဆောင်ရွက်ဖို့ ဆက်ပြီးဖိအားပေးသွားမယ်လို့လည်း သံအမတ်ကြီး Woodward ကဆိုပါတယ်။
ဗြိတိန်နိုင်ငံ ဦးဆောင်ရေးဆွဲတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဆက်လက် တောင်းဆိုထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တိုးမြှင့်ပေးဖို့ အချက်ကို လုံခြုံရေးကောင်စီအဖွဲ့၀င် အများစုက ထောက်ခံထားသလို အာဆီယံအဖွဲ့ကြီးကိုယ်တိုင်ကလည်း မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားတာကို သံအမတ်ကြီး Woodward ကပြောကြားသွားပါတယ်။
အဖွဲ့၀င် ၁၅ နိုင်ငံပါ၀င်တဲ့ လုံခြုံရေးကောင်စီမှာ မနေ့ကပြုလုပ်တဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကို မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန် Alounkeo Kittikhoun နဲ့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop တို့တက်ရောက်ပြီး အစီရင်ခံတင်ပြခဲ့ကြတာပါ။
အစည်းအဝေးမတိုင်ခင် ဗြိတိန်သံအမတ်ကြီးနဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီဘက်က ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်နေတာကြောင့် အပြစ်မဲ့မြန်မာပြည်သူတွေရဲ့ အသက်တွေ ပေးဆပ်နေရသလို တိုင်းပြည် အနာဂတ်အတွက် ဘေးကင်းလုံခြုံရေး ဆိုတာလည်း ပျောက်ဆုံးနေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
" အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု လက်ရှိအချိန်အထိ မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု လုံလောက်မှုမရှိဘူးဆိုတာ ဆက်ပြီးပြနေဆဲဖြစ်ပါတယ်။ ဒါအပြင် ကုလသမဂ္ဂ စနစ်အတွင်း ညီညွတ်မှုမရှိတာဟာလည်း အဓိကပြဿနာဖြစ်နေပါတယ်။"
ဒါအပြင် စစ်ရာဇ၀တ်မှုလို နိုင်ငံတကာရာဇ၀တ်မှုတွေကို စစ်ကောင်စီ ကျူးလွန်နေတာဟာ နိုင်ငံတချို့ရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
"စစ်ကောင်စီအနေနဲ့ ဒီလောက်ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နိုင်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာရှိတဲ့ နိုင်ငံတချို့ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပံ့ပိုးနေတဲ့ အကူအညီတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ၊ လေယာဥ်ဆီနဲ့ ငွေကြေးထောက်ပံ့တာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ တောင်းဆိုပါတယ်။"
စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်တွေမှာ အမြဲထည့်သွင်းဖေါ်ပြလေ့ရှိတဲ့ တရုတ်က ထောက်ခံထားတယ်ဆိုတဲ့ ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေက လုံး၀လက်မခံကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသွားပါတယ်။
" စစ်ကောင်စီ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းပြောချင်တာက- စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ တရား၀င်အခွင့်အာဏာ လုံး၀မရှိပါဘူး။ နောက်ပြီး စစ်ကောင်စီ စီစဉ်ပေးမယ့် ဘယ်လို ရွေးကောက်ပွဲမဆို လွတ်လပ် မျှတမှု၊ တရားမျှတမှု ရှိမှာမဟုတ်ပါဘူး။"
တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးမှာ စစ်တပ် မပါ၀င်ဘူးဆိုတာ သေချာဖို့လိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တုံ့ပြန်သွားပါတယ်။
"ကျတော်တို့ရဲ့ ရပ်တည်ချက်က အရမ်းရှင်းပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့ ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာမရှိဘူး။ ဒါပေမဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလို နိုင်ငံရေးမှာ စစ်တပ်ပါ၀င်နေတဲ့ အခြေအနေမျိုး ထပ်တလဲလဲ မပြုလုပ်မိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အမှန်တကယ်မြင်လိုတာက အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ပါ၀င်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို သေချာစေဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။"
အခုလို မြန်မာ့အရေးတံခါးပိတ်ကျင်းပတဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်အပါအ၀င် နိုင်ငံရေးအကျဥ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့ ပါ၀င်တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ကို ၂၀၂၂ခုနှစ်မှာ အဖွဲ့၀င် ၁၂ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းခဲ့ပါတယ်။
Forum