လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများတိမ်းရှောင် 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ၊ (ယခင်မှတ်တမ်းဓာတ်ပုံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စစ်ကောင်စီစစ်ကြောင်းမှာ စစ်မှုထမ်းအတွက် ခေါ်ယူထားတဲ့ လူငယ်တွေပါဝင်လာတာ တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"သူတို့က ၄ ရက်လောက် ရှိပြီဗျ။ ပထမ သူတို့စစ်ကြောင်းစထွက်တာနဲ့ အဲဒီမှာ တိုက်ပွဲဖြစ်တာပဲ။ သူတို့ဘက်ကလည်း တော်တော်လေး အထိနာတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျတော့ သူတို့က တရွာဝင်တရွာထွက် လျှောက်သွားတယ်။ ရွာတွေမှာ တပ်စွဲပြီးတော့နေတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ အဲဒီလိုမျိုး ဖြန့်ကျဲပြီးတော့ နေတယ်ဗျ။ အခုကတော့ သူတို့ လောင်းလုံးမြို့ရဲ့အပြင်ဘက်ကရွာတွေမှာ ဖြန့်ကျက်ထားတယ်ဗျ။"

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ခဲ့သလို အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ စစ်မှုထမ်းနဲ့ခေါ်ယူထားတဲ့ လူငယ်တွေလည်းပါဝင်လာတာတွေ့ရတယ်လို့ ပြောပါတယ်။

"လေကြောင်းကတော့ မပါဘူးဗျ။ ကျနော်တို့ဘက်မှာ မိုးတော်တော်ရွာတော့ လေကြောင်းကတော့မပါဘူး။ သူတို့စစ်မှုထမ်းနဲ့ သင်တန်းဆင်းထားတဲ့ လူငယ်ပိုင်းလေးတွေပါလာတယ်။ သူတို့သုံးတဲ့လက်နက်တွေကတော့ ပုံမှန်သုံးနေတဲ့အတိုင်းပဲ သုံးတယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ သူတို့စုဆောင်းထားတဲ့ လူတွေကို အများဆုံးသုံးနေကြတာ ကျနော်တို့မြင်တယ်။"

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့ လူငယ်တွေကို စစ်ကောင်စီက တိုက်ပွဲမှာ သုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ လူငယ်တွေကို လက်ရှိတိုက်ပွဲတွေမှာ သုံးနေတယ်ဆိုတာနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖော်ပြချက်အပေါ် သတင်းတု သတင်းမှားတွေဆိုပြီး စစ်ကောင်စီမီဒီယာကနေ တုံ့ပြန်တာတော့ တွေ့ရပါတယ်။

လောင်းလုံးမြို့နယ်မှာ အခုဇူလိုင်လထဲ စစ်ရေးလှုပ်ရှားမှု များလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

"သူတို့စစ်ကြောင်း ဆင်းလာတဲ့အခါမှာ တရွာဝင်တရွာထွက်ရင်း ပြည်သူတွေကို ဖမ်းတာရှိတယ်ဗျ။ သူတို့က ဘာပြောလဲဆိုတော့ လမ်းပိုင်းစစ်ဆေးရေးတွေလုပ်ပြီး ဆက်ကြေးတွေကောက်နေလို့ သူတို့လာရတာလို့ပြောတယ်။ ပြီးတော့ ပြည်သူတွေဆီက ဖုန်းတွေယူသွားတယ်။ စျေးဆိုင်ရှိတဲ့ အိမ်တွေမှာ ၅ သိန်းစီ ကောက်သွားတယ်။ လမ်းမှာသွားလာနေတဲ့ ပြည်သူတွေကို ဖမ်းသွားတယ်။ တောက်လျှောက်ဖမ်းထားတာတော့ မဟုတ်ဘူး။ အချိန်အတိုင်းအတာတခုအထိ ဖမ်းထားပြီးတော့ ပြန်လွှတ်ပေးတယ်။ ဒေသခံတော်တော်များများက ထွက်ပြေးကြတယ်။ အသက်ကြီးပိုင်းနဲ့ မပြေးတဲ့သူတချို့လည်းရှိတယ်။ အဲတော့ လူမနေတဲ့အိမ်တွေကျ သူတို့ရိုက်ဖွင့်ပြီးတော့ ပစ္စည်းတွေယူတယ်။ အဲလိုမျိုးတွေတော့ လုပ်တယ်ဗျ။"

ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေတာနဲ့ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ဒေသခံတွေကိုဆက်သွယ်နိုင်ဖို့ ခက်ခဲနေပါတယ်။ စစ်ကောင်စီဘက်က နေအိမ်တွေထဲ ပစ္စည်းဝင်ယူတာ၊ ငွေကြေးကောက်ခံတာနဲ့ ယာယီဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်ထဲက လောင်းလုံး၊ ရေဖြူ၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေလထဲ နေရပ်စွန့်ထွက်ပြေးရတဲ့ ဒေသခံပေါင်း ၃၂,၀၀၀ ဝန်းကျင် အနည်းဆုံးရှိခဲ့တယ်လို့ အချက်အလက်စုဆောင်းထားတဲ့ FE5 တနင်္သာရီက ထုတ်ပြန်ထားပါတယ်။ ဒေသခံအယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများတိမ်းရှောင်