“သံတွဲဒေသတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၄၀၀ ကျော်ရရှိ” AA ထုတ်ပြန်

အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိကြောင်းကြေညာထားတဲ့ ဒေသများ။ (ဇူလိုင် ၇၊ ၂၀၂၄/AA Info Desk)

သံတွဲဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိတယ်လို့ AA အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့ဝန်းကျင် စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေကို AA ဖက်က သိမ်းပိုက်ရရှိထားပြီး သံတွဲမြို့ကိုသိမ်းယူဖို့ လက်ကျန်စစ်ကောင်စီတပ်ရင်းတခုပဲ ကျန်ရှိတော့တယ်လို့ AA သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ သံတွဲမြို့ကိုသိမ်းယူဖို့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ကြောင်းနဲ့ အာရက္ခတပ်ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ ခက်ခဲတဲ့မြို့သိမ်းတိုက်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

သံတွဲမြို့ကို ခုခံကာကွယ်ဖို့ စစ်ကောင်စီဘက်က တပ်မ တပ်ရင်းတွေအပြင် ဘင်္ဂလားပင်လယ်ပြင်မှာတပ်စွဲထားတဲ့ စစ်သင်္ဘောငါးစင်းပါ စစ်ရေယာဉ်အုပ်စုကပါ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူခဲ့ကြကြောင်း AA ဘက်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်တိုက်ပွဲသတင်း AA ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမတွေ့ရသေးသလို ရခိုင်တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ စိန့်မာတင်ကျွန်းကို ကူးသန်းသွားလာနေတဲ့ ရေယာဉ်တွေအနက် ဘင်္ဂလားဒေ့ရှ်အစိုးရဝန်ထမ်းတွေတင်ဆောင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်ရေယာဉ်နဲ့ အရပ်ဖက်ရေယာဉ်အချို့ကို AA ဖက် ပစ်ခတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စိန့်မာတင်ကျွန်းဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပိုင်နက်အငြင်းပွားမှုရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပင်လယ်နဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ ပိုင်နက် သဘောတူညီချက်မှာရော၊ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂတရားရုံးရဲ့ ဆုံးဖြတ်ချက်အရရော Saint Martin’s ကျွန်းကို ဘင်္ဂလားဒေ့ရှ်ကပိုင်ကြောင်း ဖေါ်ပြထားတာပါ။

Your browser doesn’t support HTML5

“သံတွဲဒေသတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၄၀၀ ကျော်ရရှိ” AA ထုတ်ပြန်