ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ် တကောင်းတိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား သင်္ကြန်ကာလက တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ကျေးရွာ ၇ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေအတွင်း တိမ်းရှောင်နေရပြီး သောက်သုံးရေ အခက်အခဲနဲ့ရင်ဆိုင်နေရသလို စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး တင်ပြပေးထားပါတယ်။
သပိတ်ကျဉ်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား ဒီလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်အစပ် သပိတ်ကျဉ်းမြို့နယ် တကောင်းတိုက်နယ်အတွင်းက ကျေးရွာအတော်များများဟာ စစ်ဘေးလွတ်ရာ တောတောင်တွေအတွင်းကို တိမ်းရှောင်ခဲ့ကြရတယ်လို့ တကောင်းနယ်ခံ ဒေါ်မမကြီးက VOA ကို ပြောပါတယ်။
“ရွာတွေက ပြေးနေရတယ်ဆိုတာက ရွာကြီးဆို ၄ ရွာ၊ ရွာလေးပေါက်စလေးတွေရောဆိုရင် ၇ ရွာ၊ ၈ ရွာ ပြေးနေရတာ။ ရွာနံမည်တွေက မိုင်းဒိုင်းတို့၊ ဥသျှစ်ကုန်းတို့၊ ကျောက်အိုက်တို့၊ ညောင်ကုန်းတို့ အများကြီးပေါ့။ လူဦးရေ ၄ ထောင်နီးပါး ရှိတယ်။ ၄ ထောင်နီးပါး။ အခုချိန်ထိ ရွာကို ပြန်မကပ်ရဘူး။”
နွေရာသီကာလဖြစ်တာကြောင့် စစ်ရှောင်တွေဟာ သောက်ရေအခက်အခဲ ကြုံတွေ့နေရသလို ရေရှည်လာရင် ဝမ်းရောဂါဖြစ်ပွားမှာကိုလည်း စိုးရိမ်နေရကြောင်းပြောပါတယ်။
“သောက်ရေတွေ ရှားပါတယ်။ လက်ယက်တွင်းလေးတွေ သစ်ပုပ်ရေတွေကို သောက်ရေအဖြစ်သုံးရတယ်။ ရက်ရှည်ကြာရင် ကျမတို့ ဝမ်းရောဂါတွေ ဘာတွေဖြစ်မှာလည်း စိုးရိမ်ရတယ်။ သင်္ကြန်အကြိုနေ့ကနေ စဖြစ်တာ။ ၄- ၅- ၆ ရက်၊ ၇ ရက်ဆိုတော့ လုံးဝ ဒုက္ခဖြစ်နေရသူတွေ အများကြီးပေါ့။ ပါတာက ပဲနဲ့ ဆန်လောက်ပဲ ပါတယ်။ ဝယ်ခြမ်းစားဖို့လည်း ဈေးဆိုင်တွေဘာတွေက မနီးဘူး။ ဒီရက်ပိုင်းအတွင်းကို အကူအညီတွေ အရမ်းအရေးတကြီး လိုအပ်နေတာပေါ့နော်။ တကယ်ကတော့ ရေနဲ့ ဆေးဝါးပေါ့။ စားစရာအကုန်အစုံပေါ့။ အခုက အသက်ကြီးတဲ့သူတွေရော၊ အသက် ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော် တွေ ပါတယ်။ ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်သည်တွေဆိုတော့ ဒုက္ခဖြစ်တာပေါ့။”
မိုးတွင်းကာလအထိ ဆက်လက် တိမ်းရှောင်ရမယ်ဆိုရင် မိုးကာတွေလည်း လိုအပ်လာမှာဖြစ်ကြောင်း ပြောပါတယ်။
အခြားဒေသခံတဦးကတော့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ ပြန်ရုပ်သွားတာကြောင့် တိုက်ပွဲတွေငြိမ်သက်နေကြောင်း၊ ဒါပေမဲ့ တိုက်ပွဲတွေ နောင်တခါ ထပ်ဖြစ်မှာကို စိုးရိမ်နေရဆဲဖြစ်ကြောင်း ပြောပါ တယ်။
“အကုန်လုံး သူတို့ ပြန်ဆုတ်သွားပြီပေါ့နော်။ တကောင်းဘက်ကို ပြန်ဆုတ်သွားပြီ။ တိုက်ပွဲကတော့ လောလောဆယ်တော့ ငြိမ်သွားပြီပေါ့နော်။ ဒါပေမဲ့ သူတို့ဘက်ကလည်း အထိအခိုက် အကျအဆုံးက များထားတာဆိုတော့ ဒီထက်ပိုပြီးမှလည်း စစ်ရေးတင်းမာသွားမှာ။ ပြည်သူတွေကတော့ အခု လောလောဆယ်အခြေအနေမှာ ရွာထဲကို မဝင်ရဲကြသေးဘူး။ လေယာဉ်လာမှာတွေ အဲလိုမျိုးတွေလည်း ကြောက်လန့်ပြီးတော့မှ တောထဲမှာတွေ ရှိကြတုန်းပဲ ရှိတယ်။ ရွာတရွာကိုမှ သုံးပုံပုံတပုံပဲ ရွာထဲမှာ နေရဲကြသေးတယ်။”
တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒီလ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ကြောင်း၊ ၁၅ ရက်နေ့က လေကြောင်းကနေ ၅ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ ကျေးရွာ ၇ ရွာက လူဦးရေ ၄ ထောင်ခန့် တိမ်းရှောင်နေရကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့ပေမဲ့ အရပ်သားတွေထိခိုက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီဟာ နိုင်ငံတွင်းတိုက်ပွဲတွေဖြစ်နေတဲ့ ပဋိပက္ခနယ်မြေတွေမှာ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ခံနေရတာပါ။ ကလေးငယ်တွေအပါအဝင် လူပေါင်း တရာကျော်သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုမှာတော့ ဒါဟာ PDF တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ စစ်ကောင်စီက တုံ့ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5