“ဂါဇာမြေပြင်စစ် စနစ်တကျတိုးတက်မှုရနေ”အစ္စရေးဝန်ကြီးချုပ်

ISRAEL-PALESTINIAN-CONFLICT

ဂါဇာမြေပြင်စစ်ဆင်ရေးက စနစ်တကျတိုးတက်နေတယ်လို့ တနင်္လာနေ့က အစ္စရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် နာတန်ရာဟုက ပြောလိုက်ချိန်မှာပဲ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ဆေးရုံတွေနားကို နီးသထက်နီးလာတဲ့အတွက် ကုလသမဂ္ဂနဲ့ ဆေးဘက်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။

ဒဏ်ရာရရှိသူတွေ တက်ရောက်ကုသနေကြတဲ့ ဆေးရုံဝင်းတွေထဲမှာ ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာက လာရောက် ခိုလှုံနေကြတာကြောင့်ပါ။

ဟားမတ်စ်အဖွဲ့ ကအုပ်ချုပ်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးစာရင်း ၈,၃၀၆ ယောက် ရှိပြီလို့ ကြေညာပါတယ်။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်က တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၁,၄၀၀ ကျော်လည်းသေဆုံးခဲ့ပြီး ၂၄၀ အဖမ်းခံထားရပါတယ်။ အဲဒီတုန်းက ဖမ်းသွားတဲ့ အစ္စရေးစစ်တပ်က အမျိုးသမီးစစ်သည် Ori Megidish ပြန်လွတ်လာတဲ့နောက် သူမ အခြေအနေက ကောင်းမွန်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးရဲ့ဂါဇာကို မြေပြင်စစ်ဆင်ရေးအတွင်းမှာပဲ သူမပြန်လွတ်လာတာဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို အောက်တိုဘာ ၁၇ ကနေ ၃၀ အတွင်း အီရတ်နိုင်ငံမှာ ၁၄ ကြိမ်၊ ဆီးရီးယားမှာ ၉ ကြိမ် အတိုက်ခံခဲ့ရတယ်လို့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်မှာ တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေး ပါလက်စတိုင်းစစ်ပွဲ ပိုပြီး ပြင်းထန်လာခဲ့ရင် ကမ္ဘာတဝှမ်း စားနပ်ရိက္ခာစျေးနှုန်းတွေနဲ့ လောင်စာဆီ စျေးနှုန်းတက်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က တနင်္လာနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

Your browser doesn’t support HTML5

“ဂါဇာမြေပြင်စစ် စနစ်တကျတိုးတက်မှုရနေ”အစ္စရေးဝန်ကြီးချုပ်