မြန်မာနိုင်ငံ ပဋိပက္ခရဲ့ ဇစ်မြစ်ဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး တရားမဝင် အာဏာသိမ်းထားတာ၊ ပြစ်မှုကျုးလွန်သမျှ အရေးယူတာမျိုးမရှိဘဲ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားတာတွေကြောင့် ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မနေ့က (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
"စစ်အာဏာရှင်စနစ် တည်တန့်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မဖြေရှင်းဘဲနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"လို့လည်း မြန်မာ့အရေး အပြန်အလှန် ဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသွားပါတယ်။
ကုလသဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ စစ်ကောင်စီကို ဆက်လက် ထောက်ခံအားပေးနေတာကို ကန့်ကွက်တဲ့ တချိန်တည်းမှာ လက်နက်၊ ခဲယမ်း နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းများနှင့် ဆက်စပ် နည်းပညာတွေ စစ်ကောင်စီကို ပံ့ပိုးနေတာဟာ ဘယ်လို စိတ်အခြေခံနဲ့ ပံ့ပိုးနေတယ်ဆိုတာကို မေးခွန်းထုတ်လိုတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂအစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း (အောက်တိုဘာ ၂၀၂၄)
မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူများအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးတာ၊ လူတွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ မတရား ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်နေတာတွေ စတဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသွားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စား လှယ် Tom Andrews ကလည်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့အခြေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့ အခြေအနေတွေကို မနေ့က ကုလသမဂ္ဂ တတိယ ကော်မတီအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားပါတယ်။
Your browser doesn’t support HTML5
စစ်အာဏာရှင်စနစ် မြန်မာ့အကျပ်အတည်း ဇစ်မြစ်အဖြစ် ဦးကျော်မိုးထွန်း ကုလမှာတင်ပြ